ယခုလ ဇူလိုင် ၁၂ ရက်နေ့ ညက ချင်းပြည်နယ်ဟားခါး မြို့တော်အခြေစိုက် Immanuel Baptist Church အသင်းတော် ဘဏ္ဍာ ကျပ်ငွေ ၃၁ သိန်း အခိုးခံရသည်ဟု သိရသည်။ ၁၂ ရက်နေ့ နံနက် ၃းဝဝ နာရီခန့်က အသင်းတော်ရုံးအနီး ပတ်ဝန်းကျင်တွင် လူသံကြားရပေမဲ့ အဲဒီနေ့တွင် အသင်း သားတဦး အသုဘ ရှိသဖြင့် အသုဘကိစ္စ ဆောင်ရွက်နေသူများဖြစ်လိမ့်မည်ဟု ယူဆရသောကြောင့် အလေး မထားမိ ကြောင်း ရုံးအနီး နေထိုင်သူ သိက္ခာတော်ရ ဆရာက ပြောသည်။
” စဉ်းစားရခက်သည်မှာ အဆိုပါ သူခိုးဟာ အသင်းတော် ငွေ သိမ်းဆည်းသည့် နေရာ အတိအကျ ကြိုတင် သိပုံရထား ရပါတယ်၊ အကြောင်းက ငွေစာရင်းထိန်းရဲ့ သေတ္တာကို မဖွင့်ဘူး၊ အမှန်မှာ ငွေစာရင်းထိန်း သေတ္တာ မှာက ငွေမရှိ မှန်းသိထား ပုံပေါ်တယ်၊ နေ့စဉ် ငွေဝင်ငွေထွက်ကိုင်တဲ့ သိက္ခာတော်ရဆရာရဲ့ သေတ္တာကိုမှ ကွက်ပြီး ဖောက်ထွင်း တယ်” ဟု ပြော သည်။
ယင်းဖောက်ထွင်းမှုနှင့် ပါတ်သက်ပြီး အသင်းသူအသင်းသားတွေက နယ်မြေခံ နိုင်ငံတော်ရဲတပ်ဖွဲ့တွေအနေနဲ့ ဒေသလုံခြုံ ရေး၊ အစိုးရ နှင့် ပြည်သူ့အသက်အိုးအိမ် စောင့်ရှောက်ရေးတာဝန် လစ်ဟင်းမှု တစတစ များပြားလာနေပြီဟု ဝေဖန် ပြောဆိုကြသည်။
” နယ်မြေခံရဲတွေအနေနဲ့ အထူးသဖြင့် ခိုးမှု ကိစ္စတွေ တရားခံ ဖော်ထုတ်မှုတွေမှာ တာဝန်ပေါ့လျော့နေပါ တယ်၊ အမှု မဖော် နိုင်တာက များပါတယ် ” ဟု ဒေသခံ မိဘ တဦးက ယနေ့ပြောသည်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ တနေ့တည်း နေ့ခင်းကြောင်တောင်တွင် ဟားခါးမြို့ပေါ်၌ မော်တော်ဆိုင်ကယ် သုံးစီး အခိုး ခံရသေးကြောင်း အဲဒီရက်မတိုင်ခင်မှာလည်း ဟားခါးမြို့ပြည်သူ့ဆေးရုံအနီးတွင် ဆိုင်ကယ် တစီး အခိုးခံရသေးကြောင်း သိရသည်။
” အမှုဖြစ်တိုင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှာ အမှုဖွင့်တိုင်ကြားပေမဲ့ တစုံတရာ ဖော်ထုတ်မှု မရှိဘူး၊ ရဲတွေ က ဆိုင် ကယ်၊ ကား လိုင်စင်မရှိသူတွေစစ်ဆေးတာလောက်ပဲ လုပ်နိုင်တယ်” ဟု ဒေသခံတဦးက ပြောသည်။