ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ နိုင်ငံရေး ဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး ပါတီများ၊ လွှတ်တော်၊ တပ်မတော်စသည့် အင်အားစုများ ပါဝင်ရမည်ဟု ကရင်အမျိုးသား အစည်းအရုံးနှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီတို့၏ ဇူလိုင်လ ၁၇ ရက် ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။
“နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်တွင်မူ မြန်မာနိုင်ငံ၏အရေးတွင် ပါဝင်ပတ်သက်သည့် အင်အားစုများဖြစ်ကြသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသော အထင်ကရ နိုင်ငံ့ခေါင်းဆောင်များ ပါဝင်ရမည်ဖြစ်သည်” ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများသည် လွန်စွာရှုပ်ထွေးနေခြင်းကြောင့် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးက ကြားဝင်ဖြန်ဖြေရန် မသင့်လျော်ဟုလည်း ကြေညာချက်က ဆိုထားသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီး ရေးဆွဲထားသည့် အမျိုးသားတွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားများအနေဖြင့် မိမိတို့အရေးကို မိမိတို့ ကိုယ်တိုင်ဦးဆောင် တင်ပြဆွေးနွေးကာ ထိုဆွေးနွေးပွဲများ ပုံမှန်လည်ပတ်နိုင်သည့် အချိန်မှသာ ကြားဝင်ဖြန်ဖြေသူများ ဖိတ်ခေါ်နိုင်သည်ဟုလည်း ဆိုထားသည်။
“အဖွဲ့အစည်းအသီးသီးမှ မိမိတို့၏ အရေးကို မိမိတို့ကိုယ်တိုင် ဦးဆောင်တင်ပြနိုင်သည့် ပုံစံဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် ပုံမှန် လည်ပတ်ပြီးပါက ဆွေးနွေးမည့် အကြောင်းအရာ တစ်ခုချင်းအလိုက် ကြားဝင်ဖြန်ဖြေသူများ၊ အကျိုးဆောင်များကို လိုအပ်လျှင် လိုအပ်သည့်အလျောက် ဖိတ်ခေါ်နိုင်သည်။” ဟုလည်း ဆိုထားသည်။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက် တွင် ဘားအံမြို့၌ တတိယအကြိမ်တွေ့ဆုံကာ အပစ်အခပ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူခဲ့သည်။