နယ်စပ်လမ်းအား ကျပ်သန်း ထောင်ချီအကုန်ကျခံ အဆင့်မြင့် ကတ္တရာလမ်းဖောက်လုပ်မည်ဟုဆို

နယ်စပ်လမ်းအား ကျပ်သန်း ထောင်ချီအကုန်ကျခံ အဆင့်မြင့် ကတ္တရာလမ်းဖောက်လုပ်မည်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်နဲ့ နယ်ချင်းစပ်ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းအတွက် နယ်စပ်အမှတ် (BP – 13 ) ကို အဆင့်မြင့် ကတ္တရာလမ်းဖောက်လုပ်ရန် သန်းပေါင်း (၃၀၀၀) ကျော်ကုန်ကျပြီး ပြုလုပ်မှာဖြစ်တယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောပါတယ်။

ပြည်နယ်စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် BP 13 နယ်စပ်လမ်းကို စတင်ပြုပြင် ဖောက်လုပ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ပြီး ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးက "ငါတို့ပြည်နယ်က လုပ်နေတဲ့လမ်းတွေ အားလုံးကို အဲ့မှာ မယ်စဲ ဘီဘီ (၁၃) လမ်းကိုအဲ့မှာ ရန်ပုံငွေ ပုံအောပြီးတော့ သန်းပေါင်း (၃၀၀၀) ကျော်လောက် ကုန်ကျခံပြီးတော့ ကတ္တရာလမ်းအဆင့် ဖြစ်အောင် လုပ်ဖို့အစီစဉ်ရှိတယ် ငါတို့စီမံတဲ့အတိုင်းလည်း ဖြစ်ချင်တယ်။ ဖြစ်မြောက်အောင်လည်း လုပ်ချင်တယ် တဘက်ကလည်းငြိမ်းချမ်းရေး မြန်မြန်ရယူဖို့လည်း အရေးကြီးတယ်" လို့ ပြောပါတယ်။

၎င်းနယ်စပ် ကုန်သွယ်ရေးလမ်းအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် ထိုင်းအစိုးရဘက် အားလုံးမှ ညှိနှိုင်းဆွေးနွေးထား ကြပြီး ဖြစ်သော်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ နှစ်ဦးနှစ်ဘက် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှု အဖြေရှာ နေချိန်မှာ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဖွင့်လှစ်ထားခြင်း မရှိသေးပါဘူး။

လက်ရှိမှာ အစိုးရနယ်စပ်လမ်းသွားလာနိုင်ဖို့ သံလွင်မြစ်ကူးတံတား စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ပြည်နယ်အတွက် တခြားသောပြည်ပ နိုင်ငံတွေနဲ့ ဆက်သွယ်သွားလာနိုင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ပြောပါတယ်။  

"ငါတို့ ပြည်နယ်က တကယ် ကုန်းတွင်းပိတ်ပြည်နယ် ဖြစ်တဲ့အခါကျတော့ တခြားပြည်ပနဲ့ ဆက်ဆံမှုက မရှိလို့ရင် ငါတို့ပြည်နယ်က စီးပွားရေးကော လူမှုရေးကော နောက်ကျနေခဲ့လိမ့်မယ် ကုန်သွယ်ရေးတွေ လုပ်မှဘဲဖြစ်မယ်" ဝန်ကြီးက ဆက်ပြောပါတယ်။  

ကယားပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြည်နယ်ထောင်စုအဆင့် စီမံခန့်ခွဲတဲ့လမ်းတွေ နဲ့ ပြည်နယ် အဆင့်စီမံခန့်ခွဲတဲ့ လမ်းတွေဆိုပြီး စီမံကိန်းတွေ ပြုလုပ်နေကြတာဖြစ်ပြီး ပြည်ထောင်စုအစိုးရက စီမံတဲ့လမ်းမှာ စုစုပေါင်းမိုင် ၃၃၄ မိုင် ၄ ဖါလုံနှင့် ပြည်နယ်အစိုးရက စီမံတဲ့လမ်းမှာ မိုင် ၂၅၆ မိုင် ၁ ဖါလုံရှိတယ်လို့ သိရပါတယ်။

Most read this week