မြန်မာအစိုးရလှုပ်ရှားစစ်ကြောင်းတစ်ကြောင်းသည် အလံတိုင်ခုတ်လှဲ၍ မွန်ပြည်သစ်အလံကိုမီးရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်နှင့်ဇနီးသည်တို့အား ယခုသီတင်းပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသရှိမွန်ပြည်သစ်ပါတီတပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ချိဒေသရှိ မွန်ပြည်သစ်ပါတီ မိသားစုဝင်များနေထိုင်ရာ သုမင်္ဂလံရွာသစ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၉ နေ့တွင် အစိုးရစစ်ကြောင်းရွာထဲဝင်ရောက်စဉ် ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ကြီးတမော့ချမ်းက “ အိမ်ထောင်ကျခါစရဲဘော်တစ်ယောက် သူ့ဇနီးအိမ်ပြန်ပို့ရင်း လင်ရောမယားပါ အစိုးရစစ်ကြောင်း ဖမ်းဆီးခေါ်သွားတယ်၊ နောက်ရဲဘော်တစ်ယောက်လည်း အမဲထောင်ချောက်လိုက်ရင်းနဲ့ အဲဒီစစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံသွားရပြန်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၉ ရက်နေ့တွင် ခွင့်ပြန်ရဲဘော် မွန်ပြည်သစ်ပါတီရဲဘော် နိုင်ကရက်မွန်(အသက် ၂၉-နှစ်) နှင့် သူ၏ဇနီးသည်တစ်ဦး၊ ဇူလိုင်လ ၁၆ ရက်နေ့၌ အမဲထောင်ချောက်လိုက်သူ ရဲဘော် နိုင်ဝင်းသောင်(အသက် ၃၅-နှစ်) တို့ ၃ ဦး ဖမ်းဆီးခံနေရဆဲဖြစ်ပြီး မည်သည့်နေရာသို့ရောက်ရှိနေသည်ကိုလည်း သတင်းမကြားသိရဟု ဆိုသည်။
မွန်ပြည်သစ်အလံတိုင်နေရာနှင့် မီးရှို့သည့်နေရာ(IMNA)
ယင်းဒေသတွင်နေထိုင်သူ နိုင်လဂွန်းအိန်က “အစိုးရတပ်တွေ သုမင်္ဂလံရွာသစ်ကိုရောက်လာပြီးတော့ မွန်ပြည်သစ်အလံတိုင်ကို ဒါးနဲ့ခုတ်ပိုင်းပြီး အလံကိုမီးရှိထားတဲ့ဓါတ်ပုံတွေ ကျနော်တို့လက်ခံရရှိထားတယ်” ဟု ပြောသည်။
ထို့အပြင် အစိုးရတပ်ဖွဲ့ဝင်များသည် ရွာသားများစိုက်ပျိုးထားသော ပြောင်းဖူးပင်အများအပြားကိုလည်း ခွင့်မတောင်းပဲချိုးယူစားသုံးဖျက်ဆီးခဲ့သည်ဟုလည်း နိုင်လဂွန်းအိန်က ဆက်ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့တွင် အင်အား ၃၀ ခန့်ရှိ မြန်မာအစိုးရတပ် ခမရ ၅၉၇ စစ်ကြောင်းတစ်ကြောင်းသည် ထိုင်းနယ်စပ်မှ ၁၀ မိုင်ခန့်ဝေးကွာသော သုမင်္ဂလံရွာသစ်သို့ ရောက်ရှိအခြေပြုခဲ့ကြောင်း ထိုင်းနယ်ခြား လုံခြုံရေးအရာရှိတစ်ဦးထံမှ သိရသည်။
ထို့နောက် ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်တွင် ထိုင်းနယ်စပ်မှ ၃ မိုင်ခန့်ဝေးကွာသော သုမင်္ဂလံရွာရှိ မွန်ပြည်သစ်ပါတီကင်းစခန်းတစ်ခုအား ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ပါတီရဲဘော် ၂ ကျဆုံးသည့်အပြင် သေနတ် ၂ လက်နှင့်ခဲယမ်းပစ္စည်းများကိုပါ သိမ်းဆည်းခဲ့သည်။
ယင်းတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီဝင်ရဲဘော် နိုင်ရှိန်(အသက် ၄၀)၊ မင်းချမ်းမွန်(အသက် ၂၀)နှင့် အစိုးရတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးနိုင် သေနတ်ထိမှန်သေဆုံးခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။
အစိုးရစစ်ကြောင်းများဖြစ်ကြသည့် ခလရ ၂၂၄၊ ခလရ ၂၈၈၊ ခမရ ၅၈၁ ၊ ခမရ ၅၉၇ တပ်ခွဲစစ်ကြောင်းများသည် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနေထိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် အရှေ့ဘက်ရှိ သုမင်္ဂလံရွာနှင့် အနီးတဝိုက်တွင် ယနေ့နံနက်စောစောပိုင်းတွင် ဝင်ရောက် နေရာယူထားသဖြင့် ဒေသခံများအားလုံး ထွက်ပြေးနေကြောင်း နယ်မြေခံများပြောပြချက်အရ သိရသည်။