၀လူမျိုးတို့သည် ယေဘူယျအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား နေထိုင်ကြပြီး အရှေ့ပိုင်းဖက်တွင် တရုတ်နိုင်ငံ နယ်စပ်နှင့် အနောက်ဖက်တွင် သံလွင်မြစ်တို့ကြားတွင် နေထိုင်ကြပါသည်။ လူဦးရေအားဖြင့် (၆) သိန်းခန့် ရှိသည်ဟု ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကော်မီရှင်၏ စာရင်းအရ သိရပါသည်။
၀လူမျိုးတို့သည် ၄င်းတို့၏ အခြေခံ နယ်မြေတွင် ရာသီဥတု ကြမ်းတမ်းလှသဖြင့် ဘိန်းစိုက်ပျိုးမှုဖြင့် ရပ်တည်လာခဲ့ပြီး တောခေါင်လှသဖြင့် ယစ်ပူဇော်သည့် ကိုးကွယ်မှုသာ အခြေခံလာခဲ့သော လူမျိုးဖြစ်ပါသည်။ ဤအခြေအနေအပေါ် ဒေသခံ စော်ဘွားများက ၀တို့အား အုပ်ချုပ်လာခဲ့ပါသည်။
၁၉၅၈ ခုနှစ်သို့ ရောက်လာသောအခါ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့များ ၀နယ်မြေထဲသို့ ရောက်ရှိလာခဲ့ပါသည်။ ဗကပသည် မြေရှင်ပဒေသရာဇ် အတွေးအခေါ်များကို တိုက်ဖျက်ရင်း ၀လူမျိုးတို့၏ လူမှုဘဝကို ပြောင်းလဲပေးခဲ့ပါသည်။ တနှစ်လျှင် (၃) လခန့်သာ စားဝတ်နေရေး ဖူလှုံမှုရှိသည့် ဘဝမှ (၆)လ၊ တနှစ်စာ ဖူလုံသည်အထိ ပြောင်းလဲလာခဲ့ပါသည်။ ၄င်းတို့ အသက်မွေး ၀မ်းကြောင်းဖြစ်သော ဘိန်းစိုက်ပျိုးမှသည် အစား သီးနှံစိုက်ပျိုးလာသည်အထိ ဗကပမှ ဦးဆောင်လာခဲ့ပါသည်။
ထို့အပြင် ၀တို့၏ မူလရိုးရာဖြစ်သော ကလေးခေါင်းများဖြတ်ပြီး ယစ်ပူဇော်မှုဓလေ့ကို အာဏာသုံးပြီး ချုပ်ငြိမ်းအောင် ဗကပတို့က စွမ်းဆောင်လာခဲ့ပေသည်။ ဤသည် ဗကပတို့၏ ၀လူမျိုးတို့အပေါ် ကောင်းမွေများ စိုက်ထူပေးလာခဲ့သော လုပ်ရပ်များ ဖြစ်ပါသည်။
သို့သော် ၀လူမျိုးတို့သည် ဘိန်းစိုက်ပျိုးမှု အစားထိုးနိုင်ရန် ယနေ့အထိ အခက်အခဲ ဖြစ်နေဆဲဖြစ်ပါသည်။ ၄င်းတို့၏ ပထဝီအခြေအနေသည် အစားထိုး သီးနှံစိုက်ပျိုးမှုတွင် များစွာ ခက်ခဲနေသေးသဖြင့် ဘိန်းစိုက်ပျိုးမှုဖြင့် ရပ်တည်ရေးပြသနာကို ဖြေရှင်းလာခဲ့ပါသည်။ ဤသည် တရုတ်နိုင်ငံအဖို့ ကြီးမားသော မူးရစ်ဆေးပြသနာ၏ ရေသောက်မြစ်ဖြစ်ပါသည်။ စိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖေါက်ကားခြင်းနှင့် ဘိန်းစျေးကွက်ပြသနာသည် တရုတ်ပြည်သာ ခံနေရခြင်းပင်ဖြစ်ပါသည်။
ထို့အပြင် ၀တပ်များသည် ဗကပဦးဆောင်မှုဖြင့် အစိုးရ စစ်တပ်ကို တိုက်ခိုက်ရာတွင် အောင်မြင်မှုရှိသည်ဟု ဆိုနိုင်သော်လည်း ကျဆုံးမှုများပြားခဲ့ပါသည်။ ဤသည် ၀တပ်မှူးများအတွက် စိတ်ထိခိုက်စရာ အကြောင်းဖြစ်လာခဲ့ပါသည်။ (၁၉၈၈) ခုနှစ် မိုင်းယန်းတိုက်ပွဲမျိုးတွင် ၀တပ်များ ထိခိုက်ကျဆုံးမှု အထူးပင်များပြားခဲ့ပါသည်။
တရုတ်ပြည်တွင်လည်း နိုင်ငံရေး အလှည့်အပြောင်း ဖြစ်လာသောအခါ တရုတ်အစိုးရသည် ၀ခေါင်းဆောင်များကို ဗကပဦးဆောင်မှုမှ ခွဲထွက်စေပြီးမြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးဖြစ်လာရန် ကြိုးစားလာခဲ့ပါသည်။ တရုတ်သည် ၄င်းတို့၏ နယ်စပ်တွင် ၀တို့ ဘိန်းစိုက်ပျိုးနေမှု အခြေအနေများကို ပြောင်းလဲပစ်ရန် စတင်ခဲ့ပါသည်။
မြန်မာ စစ်အစိုးရ ဖက်ကလည်း အင်အားကြီးသော ၀တပ်တို့နှင့် အပစ်ရပ်စဲထားပြီး (၁၉၈၈)မှ ဒီမိုကရေစီ ဘက်တော်သားများကို ချေမှုန်းပစ်ချိန်နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဤသို့ကြောင့် (၁၉၈၉) နောက်ပိုင်းတွင် ၀တပ် (UWSA) နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲလေတော့သည်။
ဤသို့ကြောင့် ၀လူမျိုးတို့၏ ဘိန်းစိုက်ပျိုးမှုကို ကာကွယ်လိုသော တရုတ်ပြည်နှင့် ရန်သူဝိုင်းနေသော စစ်အစိုးရတို့သည် အကြံတူဉာဏ်တူ ဖြစ်သွားခဲ့ပါသည်။ တရုတ်သည် ၀လူမျိုးများကို ၄င်းတို့နယ်စပ်နှင့် ဝေးရာ (သို့မဟုတ်) ဘိန်း လုပ်ငန်း၌ တရုတ်စျေးကွက်အစား ထိုင်းနိုင်ငံဖက်သို့ စျေးကွက်ရွှေ့သွားရန် ရည်ရွယ်ချက်ဟန်ဖြင့် မြန်မာစစ်အစိုးရနှင့် လက်တွဲခဲ့ပါတော့သည်။
“ ဤစီမံကိန်းသည် ဗိုလ်ချုပ် ခင်ညွန့်နှင့် UWSA ခေါင်းဆောင် ကျောက်ညီလိုင်တို့၏ စီမံကိန်း” ဟု ခေါ်ကြပါသည်။
ဤသို့ကြောင့် “ငါတို့ကို လာမတိုက်နဲ့ ငါတို့လည်း နင်တို့ကို မတိုက်ဘူး ဆိုပြီး အပေါ်ယံ လက်မှတ်ရေးထိုးလိုက်တာပဲ။ ဒီတော့ ရှမ်းပြည်တောင်ပိုင်းမှာ ခွန်ဆာတပ်တွေကို တိုက်နေတဲ့ ၀တပ်တွေကို အစိုးရ ခရိုင်တွေက ရိက္ခာထောက်ပံ့တယ်။ ဒဏ်ရာရတဲ့ ဝရဲဘော်တွေကိုလည်း ဆေးရုံတင်ပေးတယ်။ ၁၉၉၅ ခုနှစ် ခွန်ဆာလက်နက်ချတဲ့ အချိန်မှာ ၀ တပ်တွေဟာ အင်အား ၅၀၀၀ နဲ ၆၀၀၀ ကြားလောက်ဘဲ ရှိတယ်။ ဗမာစစ်သားတွေကို တိုက်စရာ မလိုတော့ဘူး” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ဤကဲ့သို့ ခွန်ဆာ၏ MTA တပ်ဖွဲ့ လက်နက်ချပြီး နောက်ပိုင်း၊ UWSA သည် စစ်အစိုးရ ထောက်လှမ်းရေး ညွန်ကြားရေး မှူးချုပ် ဗိုလ်ချုပ် ခင်ညွန့်နှင့် တရုတ်တို့၏ အစီအစဉ်ကြောင့် ရှမ်းပြည်တောင်ပိုင်းသို့ ၀လူထုများရွှေ့ချစေရန် ဖြစ်လာခဲ့ပါ သည်။
ဤသို့ကြောင့် (၁၉၉၆) ခုနှစ်တွင် ပမထ အဆင့်အနေနှင့် ၀လူထု (၉၀၀၀၀) ကိုးသောင်းကျော်ကို အစိုးရစစ်ကားကြီးများဖြင့် ပို့ဆောင်ပေးလေတော့သည်။ ဤအချိန်တွင် ယခုအခြေချနေထိုင်သော နေရာ၌ လူသူမနေသည့် တောရိုင်းကြီးများပင် ရှိနေသည်။ ဤနည်းဖြင့် ၀လူမျိုးများ ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါသည်။
ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိလာသော ၀လူမျိုးများသည် ၄င်းတို့ဘဝ ရပ်တည်ရေးအတွက် ရိုးရာ စိုက်ပျိုးနည်း ဖြစ်သည့် ဘိန်းစိုက်ပျိုးမှုဖြင့် စတင်လာခဲ့ခြင်းဖြစ်သည်။
“ဆင်းသွားတဲ့ အစီစဉ်မှာ တရုတ်လည်း ပါတယ်ဆိုတော့ အင်အားက ၉၀၀၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်။ အခုတော့ တသိန်းကျော်သွားပါပြီး။ ဒီတော့ ၁၉၉၆ ကနေ အခုဆိုရင် အနှစ်၂၀ နီးပါး ရှိတယ်။ ကျနော်တို့ ၁၉၈၂ ကနေ ၁၉၉၅ ခုနှစ်အထိ တိုက်တဲ့အချိန်မှာ ကျနော်တို့ ဝရဲဘော်တွေ ၂၀၀၀ ကျော် ကျဆုံးသွားတယ်။ တောင်ပိုင်းကိုတည် တဲ့အခါမှာလည်းဒေသရဲ့အနေအထားကမတူဘူး။ရာသီဥတုမတူတာရယ်တောရိုင်းကြီးတွေမြက်ရိုင်းကြီးတွေကို ခုတ်ထွင်ရှင်းလင်းပြီး ရပ်တည်ဖို့ လုပ်ရတယ်ဆိုတော့ အဲဒီမှာလူ ၂၀၀၀ ကျော်လောက် ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကျနော်တို့ အဲဒီဒေသကြီးအတွက် ကျနော်တို့ ဝအမျိုးသား ၅၀၀၀ နီးပါးလောက် တောင်ပိုင်းမှာမြုပ်နှံထားခဲ့ရ ပြီးဖြစ်တယ်။ မိုင်းတွေထိလို့ ခြေကျိုးလက်ဖြတ်ခြေဖြတ်တွေက အများကြီးပဲ အခု ဝမြောက်မှာလည်း အများကြီး ရှိပါ တယ်။” ဟုဦး အောင်ကျော်ဇော်က ဆိုပါသည်။