ကရင် လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့ တို့မှ ကရင်ပြည်နယ် တစ်ခုလုံး အတိုင်း အတာဖြင့် မြေမြုပ် မိုင်းများ ရှင်းလင်း မူအရ သဘော တူညီချက် ထားရှိ ကြသော်လည်း ဦးစွာ မြိုင်ကြီးငူ ဒေသရှိ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ နယ်မြေ တွင်းရှိ မိုင်းများ ကိုသာ ယခု ဇူလိုင်လ မကုန်မှီ ဖော်ထုတ် သွားမည် ဖြစ်ကြောင်း DKBA ပြောခွင့်ရ ဗိုလ်မှူး စောဆန်းအောင်က ဆိုပါသည်။
ဤမြိုင်ကြီးငူ ဒေသရှိ မြေမြုပ်မိုင်း များသည် ၁၉၉၄ ခုနှစ်တွင် DKBA တပ်ဖွဲ့မှ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်စဉ် ကတည်းက စတင် မြုပ်နှံ ထားခဲ့သည်။ ထို့ပြင် ၂၀၁၃ ဧပြီလ (၂၇) ရက်နေ့တွင် DKBA နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ သုံးရက်တာ တိုက်ပွဲ ဖြစ်ပွားစဉ်၌ ထောင်ထားသည့် မြေမြုပ်မိုင်း များလည်း ရှိနေ ပါသည်။
ယခု DKBA နှင့် BGF တပ်ဖွဲ့ များမှ ပူးပေါင်း ရှင်းလင်း ဖော်ထုတ် မည်ဟု ဆိုသော မိုင်းများသည် ယခု နှစ်ဆန်းက နှစ်ဖက် ပြသနာ ဖြစ်စဉ် နှစ်ဖက် တပ်စခန်းများ လုံခြံုရေး အတွက် ထောင်ထားသည့် မိုင်းများအား ရှင်းလင်း မည်ဟု ဆိုပါသည်။
“တဖက်နဲ့ တဖက် ယုံကြည်မှု အားနည်းတဲ့ အပေါ်မှာ ကာကွယ်တဲ့ အနေနဲ့ မိုင်းတွေ ထောင်ထား ကြတာပါ။ကျနော်တို့ ပြသနာ တွေကြောင့် လူထု တွေက ဒုက္ခ ရောက်ရ ပါတယ်။ ဇူလိုင် ၁၃ ရက်က ကျနော်တို့ ဆွေးနွေးပွဲ လုပ်တော့ မိဇိုင်း ရွာဘက်မှာ ထောင်ထားတဲ့ မိုင်းတွေကို ပူးပေါင်း ဖော်ထုတ် ကြဖို့ အတွက် နှစ်ဖက် သဘောတူ ကြတယ်။ ညီအစ်ကို တွေပဲရန်ဖြစ်လည်း ခဏပေါ့၊ အခု ကျနော်တို့ အဆင်ပြေ သွားကြပြီ၊ မိုင်းတွေကိုဓား၊ ဓားမြှောင် တွေနဲ့ တူးဖော်ပြီး ကိုယ်ထူ ကိုယ်ထပဲ လုပ်မှာပါ” ဟု DKBA အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တွင်းရှိ အဆိုပါ မြိုင်ကြီးငူ အထူး ဒေသ၌ ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့နှင့် နှင့် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့ တို့သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် လာပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာ များ၌ (၃) ရက်ကြာ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြ ပါသည်။
ထိုနေရာတွင် ထောင်ထားသည့် မြေမြုပ် မိုင်းများသည် လက်လုပ် မိုင်းများသာ ဖြစ်ပါသည်။ အချို့ မိုင်းများသည် ဖော်ထုတ်၍ ရသော မိုင်းများ ဖြစ်သလို အချို့ ဖော်ထုတ်၍ မရသည့် မိုင်းများ ဖြစ်ကာ ၄င်းတို့ ကိုမူ ဖောက်ခွဲ ဖျက်ဆီး သွားမည်ဟု ဆိုပါသည်။
မကြာမီ ကာလ များအတွင်း DKBA နှင့် BGF တာဝန် ရှိသူ များမှ မြိုင်ကြီးငူ ဒေသရှိ မိဇိုင်းရွာ ဘက်သို့ သွားရောက်ကာ လူထု ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်ဖက် တပ်ဖွဲ့များ သင့်သင့် မြတ်မြတ် ဖြစ်သည့် အကြောင်းနှင့် ထောင်ထားသည့် မြေမြုပ်မိုင်း များကိုစတင် ဖော်ထုတ် သွားမည့် အကြောင်း အသိပေး ပြောကြား သွားမည် ဖြစ်သည်ဟု ဗိုလ်မှူး ဆန်းအောင်မှ ပြောသည်။
ဇူလိုင်လ (၁၃) ရက်နေ့က နယ်ခြား စောင့်တပ်၏ အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည့် တွေ့ဆုံ ပွဲသည် ကရင် လက်နက်ကိုင် အဖွဲ့ ညီညွတ်ရေး ကော်မတီ၏ အရေးပေါ် အစည်းအဝေး ဖြစ်ကာ DKBA နှင့် BGF ပြသနာကို ဖြေရှင်းရန်နှင့် မလိုအပ်ပဲ မိုင်းထောင်သည့်ကိစ္စ ပြည်သူလူထု အား အန္တရယ်ဖြစ် စေသည့်အတွက် မိုင်းကို ဖော်ထုတ် ကြရန် ဆွေးနွေး ခဲ့ကြ ရာမှ သဘော တူညီချက် ရရှိ ခဲ့ခြင်း ဖြစ်သည်။
ကရင် လက်နက်ကိုင် အဖွဲ့ ညီညွတ်ရေး ကော်မီတီကို ဖွဲ့စည်း ပြီးနောက် (၃) လ တစ်ကြိမ်ကျ ပုံမှန် အစည်းအဝေး ခေါ်ယူရန် ဆုံးဖြတ်ချက် ချထား ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးအား တက်ရောက် ခဲ့သည့် KNU တပ်မဟာ (၇) ကိုယ်စားလှယ်ကမူ KNU အနေဖြင့် လက်ရှိ ကာလ၌ KNU အနေဖြင့် မြေမြုပ်မိုင်းများ အားလုံးကို ရှင်းလင်း ဖော်ထုတ် သွားရန်မှာ မဖြစ်နိုင် သေးကြောင်း ဆိုပါသည်။
“ကျနော်တို့ ဘက်ကတော့ မိုင်းရှင်း လင်းဖို့က အားလုံးတော့ မူအရ သဘောတူ ထားပေမယ့် အတိုင်း အတာကြီး တစ်ခုလုံး ကိုတော့ အခု လုပ်မှာ မဟုတ်သေး။ ဒါပေမယ့် အချိန် ရောက်လာ ရင်တော့ အားလုံး ဖော်ထုတ် သွားမှာပါ။ အခုအချိန်မှာ BGF နဲ့ DKBA ခွင်လောက် ကိုပဲ ဖော်ထုတ်ဖို့ သဘောတူညီ ထားတာပါ” အဆိုပါ အစည်းအဝေးအား တက်ရောက် ခဲ့သည့် KNU တပ်မဟာ (၇) ကိုယ်စားလှယ် ဗိုလ်မှူးကြီး စောဖောဒို့က ပြောသည်။
KNU အနေဖြင့် ၄င်းတို့ ထိန်းချုပ် ဒေသတွင်းရှိ မြေမြုပ်မိုင်း အားလုံး ရှင်းလင်း ဖော်ထုတ် သွားနိုင်ရန်မှာ လက်ရှိ ရယူ ထားသော အပစ်အခတ် ရပ်စဲရေး၏ ခိုင်မာမှု အပေါ်တွင် များစွာ မူတည် နေသည်ဟု KNU ထိပ်တန်း ခေါင်းဆောင် များက ဆိုကြပါသည်။
လာမည့် ကရင် လက်နက်ကိုင် အဖွဲ့ ညီညွတ်ရေး ကော်မီတီ ပုံမှန် အစည်း အဝေးတွင် ကရင်ပြည်နယ် မူးယစ် ဆေးဝါး နှိမ်နှင်းရေး အတွက် ကော်မီတီ တစ်ရပ် ဖွဲ့စည်း သွားနိုင်ရန် အတွက် ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဖောဒို့က ဆိုပါသည်။
ကရင် လက်နက်ကိုင် အဖွဲ့ ညီညွတ်ရေး ကော်မီတီကို ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဧပြီလတွင် ဖြစ်ပွား ခဲ့သည့် DKBA နှင့် BGF တို့၏ လက်နက်ကိုင် ပဋိပက္ခကို အရင်းပြု၍ ကရင် လက်နက်ကိုင် တပ်များ အကြား လက်နက်ကိုင် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရအောင် ထိန်းညှိနိုင်ရန် အတွက် ရည်ရွယ် ဖွဲ့စည်း ထားခဲ့ပါသည်။
ကရင် လက်နက်ကိုင် အဖွဲ့အစည်း များ၏ ညီညွတ်ရေး ကော်မတီဝင် များမှာ ဗိုလ်မှူး ချစ်သူ (BGF)၊ ဗိုလ်မှူးစောကြာအဲ (BGF) ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA-PC)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့်(ဘုရားကုန်း အဖွဲ့)၊ ပဒိုဖောဒို့ (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒို အောင်မော်အေး (KNU)၊ ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး (DKBA)၊ ဗို်လ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူး ကြီးစောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေဝင်း (KPF)၊ စောအယ်မိုး (KPF) တို့ ဖြစ်ပါသည်။