ခွင့်ပြုမိန့် မရပါကလဲ တောင်ကြီး NLD အာဇာနည်နေ့ အခမ်းအနား လုပ်မည်ဟုဆို

ခွင့်ပြုမိန့် မရပါကလဲ တောင်ကြီး NLD အာဇာနည်နေ့ အခမ်းအနား လုပ်မည်ဟုဆို
by -
မဇ္ဈိမ

လာမည့် ဇူလိုင် ၁၉ တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ရန်အတွက် ခွင့်ပြုမိန့် မရပါကလည်း လုပ်ဆောင်သွားရန်ရှိသည်ဟု တောင်ကြီးခရိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္စျိမကို ပြောသည်။

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ရန် တောင်ကြီးမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စာ တင်ထားသော်လည်း ဇူလိုင် ၁၆ ရက်အထိ ခွင့်ပြုမိန့် ကျ မကျ မသိရသေးကြောင်း ၎င်းက ပြောသည်။

ဦးတင်မောင်တိုးက “ခွင့်ပြုမိန့် ရပြီလားဆိုတာကို သည်နေ့မနက် ကျွန်တော်တို့ မြို့နယ် ထွေအုပ်ရုံးကို သွားမေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးပြုလုပ်နေလို့ ကျွန်တော်တို့ကို ညနေမှ လာတွေ့ဖို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ ခွင့်ပြုမိန့်ရရင် လမ်းလျှောက်သွားမှာ ဖြစ်ပြီးတော့ မရခဲ့ရင်လည်း ကားနဲ့သွားမယ်။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ၊ အလေးပြုမှာပါ”ဟု ပြောသည်။

အာဇာနည်နေ့ အထိိမ်းအမှတ်အဖြစ် တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် ရည်စူး၍ ဆွမ်းကပ်ခြင်း၊ လွမ်းသူ့ပန်း ခွေချခြင်း၊ အလေးပြုခြင်း အစရှိသည့် အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းနေ့တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဦးတင်မောင်တိုးက “လမ်းလျှောက် ချီတက်ပြီးတော့ ဗိုလ်ချုပ်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို လွမ်းသူ့ပန်းခွေချမယ်၊ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ စီစဉ်ထားပါတယ်”ဟု ရှင်းပြသည်။

အာဇာနည်နေ့ အထိိမ်းအမှတ် ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးသန်းနိုင်ကလည်း နိုင်ငံတော်အခမ်းအနား အနေဖြင့် တစ်မျိုးသားလုံး ပါ၀င်စေလိုကြောင်း ပြောပြီး “ကျွန်တော်တို့လည်းနိုင်ကျဉ်းဟောင်းတစ်ဦးအနေနဲ့ ဇူလိုင် ၁၉ ရက်ဆိုတာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ဖြစ်လို့ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို သွားရောက် အလေးပြုသွားမှာပါ။ ဟိုးအရင်တုန်းကလို ပြည်သူတွေ အားလုံး ပါ၀င်ပြီးတော့ ချီတက်ပြီး အလေးပြုတာ၊ ဥသြဆွဲတာမျိုးတွေ ပြန်လည်ပြီးတော့ မြင်ချင်ပါတယ်”ဟု ပြောသည်။

၆၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး အချို့သောဒေသများတွင် သက်ဆိုင်ရာမှ ကျင်းပခွင့် မပြုခြင်းများလည်း ရှိသည်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲ ဂုဏ်ပြုမည့် အစီအစဉ် ကျင်းပရန်အဆိုကိုလည်း လွှတ်တော်တွင် တင်သွင်းခဲ့ရာ မအောင်မြင်ခဲ့ပေ။