ကယား(ကရင်နီ)ပြည်နယ် ရှားတောမှ ရွာသစ်လမ်းဖောက်လုပ်ရန် စီမံကိန်း အစီအစဉ် ရှိနေသော်လည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က စီမံကိန်းခေတ္တ ရပ်ဆိုင်း ထားဖို့ ပြောဆိုထားတဲ့အတွက် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးဘူးလို့ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောပါတယ်။
"ဗဟို ဌာနချုပ်ကဆိုလား မသိဘူး ။ သူတို့က ခဏနေပါအုံး ခဏဆိုင်းပါအုံး ဘာညာနဲ့ ပြောတယ်။ သူက တကယ်လို့ (KNPP) လည်းသဘောတူပါတယ်… ဆိုရင်တော့ ဒါအချိန်မရွေး လုပ်လို့ရတယ်လေ အစီစဉ်ကရှိပြီးသားပဲ" လို့ ပြောပါတယ်။
လက်ရှိပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေအရ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် ခေတ္တရပ်ဆိုင်းထားဖို့ ပြောဆိုဆွေးနွေးထားတာ ဖြစ်တယ်လို့ KNPP မှ ဗဟိုကော်မတီဝင် ခူဒယ်နီယာက ပြောပါတယ်။
"အချိန်ခါမကျသေးဘူးပေါ့နော။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဖြစ်လာသေးဘူး။ နောက်ပြီးတော့ အဲဒီနေရာက ဘယ်သူမှ ဘယ်လူထုမှမရှိဘူး။ လမ်းဖောက်ရင်တော့ နောက်မှဖောက်ပါလို့ ကျနော်တို့ အဲလိုပဲပြောထားတာပါ" လို့ ပြောပါတယ်။
ရွာသစ် - ရှားတော လမ်းကို မြေသားလမ်း၊ ကျောက်ခင်းလမ်းနှင့် ၆.၇ မိုင်ခန့်ခင်းမည့် ကတ္တရာလမ်း အားလုံး စုစုပေါင်း မိုင် ၄၈ မိုင်ဖောက်လုပ်မှာဖြစ်ပြီး ကျပ်သန်းပေါင်း (၁၁၅၀) ကုန်ကျခံမည်ဖြစ်တယ် လို့သိရပါတယ်။