မန်း NLD ဆေးခန်း လူနာ ၅၇၀၀ အခမဲ့ကုပေး

မန်း NLD ဆေးခန်း လူနာ ၅၇၀၀ အခမဲ့ကုပေး
by -
မဇ္ဈိမ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မင်းတဲကြယ်ဖြူဆေးခန်း ဖွင့်လှစ်သည်မှာ ဇူလိုင် ၁၅ ရက်တွင် တစ်နှစ်ပြည့်သွားပြီဖြစ်ရာ ယင်းကာလအတွင်း လူနာ ၅၇၀၀ ခန့်ကို အခမဲ့ ဆေးကုပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း၏ တာဝန်ခံ ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။

ဆေးခန်းတည်ရှိရာ မင်းတဲရပ်ကွက်ကို အစွဲပြု၍ အမည်မှည့်ခေါ်ထားသည့် “မင်းတဲကြယ်ဖြူဆေးခန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များက ဦးစီး၍ လူနာများကို အခမဲ့ကုသရန် တည်ထောင်ထားခြင်းဖြစ်သည်။

“အဓိကက ရန်ပုံငွေအားနည်းတယ်။ ဒါပေမဲ့ လစဉ် အလှူရှင်တွေတော့ ရှိနေပါပြီ။ ကုမ္ပဏီတွေလည်း လှူနေကြပါပြီ။ အခုဆို အီးစီဂျီ (နှလုံးခုန်နှုန်းတိုင်းတာစက်)လည်း ရှိနေပါပြီ”ဟု ဆေးခန်းတာဝန်ခံ ဦးမျိုးလွင် က ဆိုသည်။

မင်းတဲကြယ်ဖြူဆေးခန်းသည် တစ်နှစ်တာကာလအတွင်း လူနာများ ကုသပေးခဲ့ရသဖြင့် ကုန်ကျငွေကျပ် ၁၀၁ သိန်း ရှိပြီး အလှူငွေကလည်း ထိုငွေပမာဏလောက်ပင် ကောက်ခံရရှိခဲ့ကြောင်း သူက ဆက်ရှင်းပြသည်။

လက်ရှိတွင် အသည်းရောင်အသားဝါ ဘီရောဂါပိုး ကာကွယ်ဆေးထိုးရန်ပင် ထိုဆေးခန်းက စီစဉ်နေပြီဖြစ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းကာ ဆေးကုသမှုများလည်း ဆောင်ရွက်နေကြောင်းလည်း အဆိုပါ ဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာဟိန်းထက်က ပြောကြားခဲ့သည်။