ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အမြင်မတူသော လူအုပ်စုနှစ်ခုကြားမှ ပဋိပက္ခများကို စဖြစ်စေခဲ့သော အဓမ္မပြုကျင့်မှုကို သံတွဲခရိုင် တရားရုံး၌ ဇူလိုင် ၁၅ ရက်က ရုံးတင် စစ်ဆေးခဲ့ရာ လုံခြံုရေးအခြေအနေကြောင့် တရားခွင်ကို တံခါးပိတ် စစ်ဆေးခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။
ပြည်သူများ လေ့လာခွင့်မပေးဘဲ တံခါးပိတ် စစ်ခဲ့သည့် ယင်းတရားခွင်တွင် အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံရသူ နှစ်ဦး၊ အဓမ္မကျင့်ခံရသည့် အမျိုးသမီးငယ်နှင့် တရားလိုပြ သက်သေတစ်ဦးတို့ အစစ်ခံခဲ့ပြီး တရားလို၊ တရားခံ နှစ်ဖက်လုံးတွင် ရှေ့နေများ မပါ၀င်ကြောင်း ရခိုင်လူမှုကွန်ရက်မှ ဦးမြင့်မိုးက ပြောသည်။
အသက် ၁၅ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ်တစ်ဦး ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် အဓမ္မကျင့်ခံရသည့် သတင်းသည် သံတွဲမြို့ခံများအကြား ပျံ့နှ့ံသွားချိန်တွင် ထိုမြို့တွင် လူအုပ်စုများဖြင့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုကိစ္စကို ကိုင်တွယ်ရန် အစိုးရက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သော်လည်း မြို့ပေါ်မှ နေအိမ် ကိုးလုံးသည် အကြမ်းဖက်သူများ၏ မီးရှို့မှုကို ခံခဲ့ရပြီး အိမ် ၁၁ လုံးမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ထိုပုဒ်မ ၁၄၄ ကို ယခု အချိန်အထိ ရုပ်သိမ်းခြင်း၊ အချိန်နောက်ဆုတ်ပေးခြင်းမျိုး မရှိသေးပေ။
ဇူလိုင် ၁၅ ရက်က တံခါးပိတ်စစ်ခဲ့သည့် တရားခွင်ကိုလည်း တရားရုံး၏ ပြင်ပမှ စောင့်ကြည့်လေ့လာသည့် ပြည်သူ ၁၀၀ ဦးခန့် ရှိခဲ့သည်ဟု ဒေသခံ မျက်မြင်သက်သေများက မဇ္ဈိမကို ပြောကြသည်။
အဓမ္မကျင့်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ အမျိုးသားနှစ်ဦးမှာ သံတွဲမြို့မှ ကိုမင်းနိုင်နှင့် ကိုနိုင်သူ ဆိုသူတို့ ဖြစ်ကြသည်ဟု ရဲဌာနက ထုတ်ပြန်ထားပြီး လက်ရှိတွင် သူတို့ကို ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အဓမ္မပြု ကျင့်မှုဖြင့် တရားစွဲထားခြင်းဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သက်၍ နောက်ထပ် တစ်ကြိမ် ထပ်မံစစ်ဆေးရန် တရားရုံးက ဇူလိုင် ၁၈ ရက်တွင် ပြန်လည် ချိန်းဆိုထားကြောင်း စုံစမ်းရရှိသည်။
ယင်းအဓမ္မကျင့်မှုမှ အစပြု၍ ဖြစ်ပွားခဲ့သည့် မီးရှို့မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသည့် သံသယရှိသူ ငါးဦး ရှိကြောင်းလည်း သံတွဲရဲစခန်းမှ စုံစမ်းရရှိသည်။