ရဟန်းသံဃာတော်များသည် သာသနာရေးရာနှင့်၊ ပညာရေးကိစ္စများကိုသာ ကြိုးစားအားထုတ်ကြရန် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက မိန့်ကြားလိုက်သည်။
“ရဟန်းသည် သူတစ်ပါး ကဲ့ရဲ့ရှုံ့ချခြင်းကြောင့် စိတ်ဓာတ်မတုန်လှုပ်ပါနှင့် ချီးမွမ်းခံရသည့်အခါမှာလည်း ဝမ်းသာအားရ မတက်ကြွပါနှင့်ဟု သုတ္တနိပါတ်၌ ဘုရားရှင်ဟောကြားတော်မူသည်ကို ဦးထိပ်ရွက်ကာ မိမိတို့
ဆောင်ရွက်ရမည့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စများကိုသာ လုံ့လပြုကြိုးစားတော်မူ ကြရန်” ဟူ၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက မိန့်ကြားသည်။
ဇူလိုင်လ ၁၄ ရက် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမတွင် ပြုလုပ်သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင်မိန့်ကြားသွားခြင်းဖြစ်သည်။
ဆရာတော်ကြီးက ရဟန်းတော်များ ကိုယ်ကျင့်တရားကောင်းမွန်စွာ ပြုမူသီတင်း သုံးနေထိုင်ကြရန်လည်း တိုက်တွန်းဩဝါဒပေးခဲ့သည်။
“မိမိကိုယ်သာ သင့်လျော်သောအကျင့်၌တည်အောင် ပြုမူနေထိုင်ပါ၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမပါ၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းပါစေနှင့်ဟူသော ဘုရားရှင် မိန့်တော်မူခဲ့သည်ကို နှလုံးသွင်း ဆောင်ရွက်ရန်”ဟု ဆရာတော်ကြီးက မိန့်ကြားသည်။
နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကလည်း ကိုယ်ကျင့်တရားပျက်ယွင်းသည့် ရဟန်းတော်များကို ဥပဒေအရ အရေးယူလျက်ရှိသည်ဟု တင်ပြလျှောက်ထားသည်။
လောင်းကစားမှု၊ မအပ်စပ်သော ကုန်သွယ်မှု၊ အကျင့်ပျက်ရဟန်းများနှင့် ရဟန်း သိက္ခာပုဒ်အရ ပါရာဇိကကျပြီး သင်္ကန်းပြန်ဝတ်သော ရဟန်းတု ရဟန်းယောင်များအား ပြဋ္ဌာန်းထားသော ဥပဒေ၊ ညွှန်ကြားလွှာများနှင့်အညီ အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု မဇ္ဈိမက ရရှိထားသည့် အစည်းအဝေးမှတ်တမ်းတွင် ပါရှိသည်။
“ဓမ္မစက်ကို အာဏာစက်နှင့်အုပ်၊ အာဏာစက်ကို ဓမ္မစက်နှင့်ချုပ် ဆိုသကဲ့သို့ သံဃာတော်များဘက်မှ ဓမ္မစက်ဖြင့် ဆောင်ရွက်သည့်နည်းတူ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများကလည်း သာသနာရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သဒ္ဒါထက်မြက်အာဏာစက်ဖြင့် ပူးပေါင်းကာ ဆရာနည်းကျ ဩဝါဒများနှင့် အညီ ဆရာ၊ ဒကာပေါင်းစည်းကာ သာသနာတော်အတွက် စွမ်းအားဖက်ဆောင်ရွက်လျက်ရှိ” ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၏ လျှောက်ထားချက်ကို အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်။
နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးသို့ ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသကအပြင်၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာတို့အပြင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ တိုင်းနှင့် ပြည်နယ်များမှ သာသာရေးမှူးများ တက်ရောက်ကြသည်။