မွန်လူဦးရေ စာရင်း အမှန် ရရှိရေး ရန်ကုန်တိုင်းတွင် ကြိုးစား ဆောင်ရွက်

မွန်လူဦးရေ စာရင်း အမှန် ရရှိရေး ရန်ကုန်တိုင်းတွင် ကြိုးစား ဆောင်ရွက်
by -
ရွှေဟင်္သာ

ရန်ကုန်တိုင်းရှိ မွန်လူဦးရေ စာရင်း အမှန် ရရှိရေးအတွက် လူဦးရေ ကောက်ခံပွဲ အစည်းအဝေး တစ်ရပ်ကို မွန်ပညာရှင်များ မွန်နိုင်ငံရေး ပါတီများ မွန်လူမှုရေး အသင်းအဖွဲ့များနှင့် စိတ်ဝင်စားသူ မွန်လူမျိုးများက ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယမန်နေ့က ပြုလုပ် ကျင်းပခဲ့ကြောင်း ဤအစီအစဉ် ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်သူ ဖြစ်သည့် မင်းစိုးအောင်က ဆိုပါသည်။

“ စိတ်ဝင်စားသူ ၂၀၀ လောက် တက်ပါတယ်။ အဓိက ကတော့ ၂၀၁၄ ခုနှစ်မှာ အစိုးရက သန်းခေါင်စာရင်း ကောက်မယ်လို့ ကြေညာထားပါတယ်။ အဲဒီအတွက် သန်းခေါင် စာရင်းမှာ မွန်လူဦးရေ စာရင်းအမှန် ထည့်ဝင်နိုင်ဖို့ ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ကြိုတင် ပြင်ဆင်နိုင်ဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်” ဆိုပါသည်။

ဤကိစ္စအတွက် ကော်မီတီ တစ်ရပ် ဖွဲ့စည်းပြီး၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကောက်ခံသွားမည်ဟု ဆိုပါသည်။

ရန်ကုန်တိုင်းတွင် ရှိသော မွန်လူဦးရေ အမှန်ကို သိနိုင်မှ လာမည့် (၂၀၁၅) ရွေးကောက်ပွဲတွင် မွန်တိုင်းရင်း သားရေးရာ ၀န်ကြီးအဖြစ် ရွေးချယ်နိုင်ခွင့် ရှိလာမည်ဟု ဆိုပါသည်။ လက်ရှိ အခြေအနေတွင် ရန်ကုန်တိုင်းရှိ မွန်လူမျိုးတို့၏ သန်းခေါင် စာရင်းနှင့် မှတ်ပုံတင်တွင် အကြောင်း အမျိုးမျိုးကြောင့် ကွဲလွဲနေသဖြင့် မည်သို့ ပြန်လည် ပြုပြင်ရမည်ကို အဖြေရှာသည့် ဆွေးနွေးပွဲသာ ဖြစ်ကြောင်း မိခင်လေးမြင့်က ဆိုပါသည်။

“ မွန်လူမျိုးဖြစ်ပေမယ့် သန်းခေါင်စားရင်နှင့် မှတ်ပုံတင်မှာ ဗမာနှင့် ဗုဒ္ဓ ဆိုပြီး ဖော်ပြထားတာ တစ်ချို့တွေ့ရ တယ်။ နောက်ပြီးတော့ ကျမတို့က လွတ်တော် ကိုယ်စားလှယ် တစ်ခုတည်း သာမက မွန်ဖြစ်ရင် မွန်ဖြစ်ကြောင်း အထောက် အထား ပြနိုင်ဖို့ အတွက်နဲ့ သန်းခေါင် စာရင်းမှာလည်း မွန်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီတော်ဝင်နှင်းဆီမှာ လာဆွေးနွေးခဲ့ တာပါ” ဟု ဆိုပါသည်။

ရန်ကုန်တိုင်းရှိ မွန်လူဦးရေ အမှန် မသိရသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲ၌ မွန်ရေးရာ လွတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် ဆုံးရှံုးခဲ့ရကြောင်း။ ဤသို့ကြောင့် ၂၀၁၅ ၌ မွန်လူဦးရေ ကိန်းဂဏန်း အမှန်ရရန် ကြိုးစားလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

မွန်လူဦးရေ အမှန် ရရှိရေးတွင် ရန်ကုန်တိုင်း ဒေသကြီးကဲ့သို့  ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင်လည်း ဆောင်ရွက်သွားရန် ရှိနေပါသည်။ ဤကိစ္စ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုကြပါသည်။

Most read this week