ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မြို့မကျေး ရွာအုပ်စု၊ ဆိုလျားကူးကျေးရွာမှ ဒေသခံများ လုပ်ကိုင်နေတဲ့ တောင်ယာမြေ များကို နောင်နှစ်တွေမှာ တောင်ယာဆက်မလုပ်ဖို့ ခမရ (၅၃၁) တပ်ရင်းမှ ဒေသခံတွေကို လက်မှတ်ထိုးခိုင်းကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"တပ်ရင်းမှူးက ခင်ဗျားတို့ မထိုးလို့မရဘူး။ ဒီညခင်ဗျားရွာကို သွားပြန်စု ထားပေးပါ။ ကျနော် (တပ်ရင်းမှူးက) လာ ပြီးတော့ လက်မှတ်ထိုးခိုင်းမယ်- တဲ့ ၊ အဲဒါ ဗိုလ်မှူးက ကိုယ်တိုင် ရွာကိုလာပြီးတော့ ပြောဒါပေါ့။ ခင်ဗျားတို့ ထိုးရမယ် မထိုးလို့မရဘူး ဆိုပြီးတော့ပေါ့ " လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးဆူရယ်က ပြောပါတယ်။
ဒေသခံတွေ လုပ်ကိုင်နေတဲ့ ဆိုလျားကူးကျေးရွာ၏ အရှေ့တောင်ဘက် (၄) ဖာလုံခန့် မြေဧကပေါင်း ၁၂၀ ခန့်ရှိတောင်ယာမြေတွေကို တပ်ပိုင်မြေဖြစ်တယ်လို့ဆိုပြီး ယခုနှစ်အတွင်းသာ စိုက်ပျိုးခွင့် ပေးမည်ဖြစ်ကြောင်း နှောင်နှစ်တွင် လုပ်ကိုင်စိုက်ပျိုးခွင့် မပြုတော့ကြောင်း ဝန်ခံဂတိ ထိုးခိုင်းတယ်လို့ ပြောပါတယ်။
၎င်းတပ်ကိစ္စနှင့် ပတ်သက်ပြီး ထပ်မံတိုးချဲ့မည်ဆိုပါက ပြည်နယ်အစိုးရ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောပါတယ်။
ဝန်ကြီးက "အင်းအဲဒါနဲ့ ပါတ်သက်ပြီး လူထုတွေက တင်ပြထားတာတွေ့တယ်။ အဲဒါလည်းပဲ ကျနော်တို့ ဒီလိုပဲ ရပ်ဆိုင်းထားတာ.. တပ်နဲ့ ပါတ်သက်တာက ညွန်ကြားချက်က မရှိသေးဘူးဖြစ်နေတယ်" လို့ ပြောပါတယ်။
ဘိုးဘွားပိုင် မြေယာတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာစိုက်ပျိုးလုပ်ကိုင်ရန် လုပ်ငန်းတခုတည်းသာဖြစ်တဲ့အတွက် ယခုလိုသိမ်းဆည်းမှုအပေါ် ဆန္ဒပြငြင်းဆိုသွားမယ်လို့ ဆိုလျားကူးရွာမှ ဒေသခံ တောင်သူတဦးက ပြောပါတယ်။
၎င်းက "တစ်နှစ်ဘဲထပ်လုပ်ရမယ်ဆိုတော့ လာမယ့်နှစ်က ပေးမလုပ်တော့ဘူးဆို ပြည်သူက ဘာစားသောက်မလဲ အဲ့ဒါတော့ ကျွန်တော်တို့က လက်မှတ်မထိုးနိုင်ဘူးလို့ ဒီလိုဘဲ ဆက်လက်ပြီးတော့မှ လုပ်ချင်တယ်" လို့ ပြောပါတယ်။
စစ်တပ်မှ မြေဧကတွေကို တိုးချဲ့တိုင်းတာရန်အတွက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ ခေါ်ပြီး ညွန်ကြားခဲ့ကြောင်းနှင့်၊ ခြံစည်းရိုးများ ကာရံရန်အတွက် အမှတ်အသားဖြင့် တိုင်ထောင်ထားခဲ့ပြီး ဖြစ်ကြောင်း ဒေသခံတွေက ပြော ဆိုနေကြပါတယ်။
မြေစာရင်းဦးစီးဌာနအနေဖြင့် ယခုလိုလိုက်လံတိုင်းတာရခြင်းမှာ လယ်ယာမြေလုပ်ကိုင်စိုက်ပျိုးသည့် မြေဧက တိတိကျကျ သိရှိရန်နှင့် စိုက်ပျိုးတဲ့သီးနှံ အမျိုးအစားများ သိရှိရလေအောင်တိုင်းတာခြင်း ဖြစ်တယ်လို့ ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောပါတယ်။
ဝန်ကြီးက "အဲဒါက ကျနော်တို့က တောင်သူတွေ လုပ်စားနေတဲ့ မြေယာတွေ ဘယ်လောက်ရှိတယ်၊ ဘာတွေနဲ့ လုပ်စားနေတယ်ဆိုတာကို သွားရောက်စီစစ်တိုင်းတာ တာဖြစ်တယ်။ အဲဒါပါပဲ။" လို့ ပြောပါတယ်။