မွန်ပြည်နယ်၊ မုတ္တမမြို့တွင် အကောင်အထည်ဖော်နေသော ဟိုတယ်ဇုန်ထဲ၌ သာသနာ့မြေများ ပါ၀င်နေ သည်ဟု ဒေသခံများအကြား ကောလာဟလများထွက်ပေါ်နေရာ ယင်းကိစ္စသည်မမှန်ကန်ကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေးဟောင်းအမွေအနှစ် ရှာဖွေထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဦးက ငြင်းဆိုလိုက်သည်။
“လုပ်ငန်းရှင်တချို့က ၀တ္တကမြေလို့ ယူဆရတဲ့နေရာတစ်ဝိုက်မှာ လာကြည့်ဖူးတာရှိတယ်။ ဒါပေမဲ့ ခုထိ ၀တ္တကမြေ ကိုယူပြီး၊ သိမ်းပြီးတော့ ဟိုတယ်တည်ဆောက်ဖို့မရှိဘူး” ဟု ဒေါက်တာသန်းဦးက ဆိုသည်။
မွန်ပြည်နယ် စီးပွား/စီမံဝန်ကြီး ဒေါက်တာမင်းနွယ်စိုးကလည်း မုတ္တတောင်ရိုးတွင် ဟိုတယ်ဇုန်အပြင် သဘာဝ အခြေခံခရီးသွား ဇုန်၊ ဘာသာရေးဇုန်တို့ကိုလည်း ဖော်ထုတ်မည်ဖြစ်ရာ “ကျွန်တော်တို့က ဇုန်သုံး ဇုန်တောင် လုပ်မှာ ဘာသာရေးဇုန်လည်းပါတာပဲ။ မြေတွေကို မြေပုံတွေ ထုတ်ခိုင်းထားတယ်။ မုတ္တမမှာ ကလုပ်လို့ရတဲ့ နေရာတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။
မွန်ပြည်နယ်အစိုးရသည် မုတ္တမဟိုတယ်ဇုန်အပါအဝင် ကင်မွန်းစခန်းဟိုတယ်ဇုန်၊ မော်လမြိုင်ဟိုတယ်ဇုန် ဟူသည့် ဟိုတယ်ဇုန်သုံးခုကို ပြည်နယ်၏ခရီးသွားလုပ်ငန်းတိုးတက်ရေး ပထမအဆင့်အနေဖြင့် အကောင် အထည်ဖော်ရန် စီစဉ်ထားသည်။
မုတ္တမဟိုတယ်ဇုန်တည်ဆောက်ရန် သံလွင်အေးကုမ္ပဏီ၊ သီရိဟင်္သာကုမ္ပဏီ၊ ကျော်ကြား ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး နှင့် ဦးထင်အောင်ကျော် ဦးဆောင်ကုမ္ပဏီတို့က မြေနေရာရှင်းလင်းခြင်း၊ တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ထားကာ လက်ရှိတွင်အဆောက်အအုံ ဒီဇိုင်းရေးဆွဲနေပြီဖြစ်ပြီး မကြာမီ စတင်တည်ဆောက်တော့မည်ဟု ဒေါက်တာသန်းဦးက ပြောသည်။
ယင်းကုမ္ပဏီလေးခုအပြင် အခြားစီးပွားရေးလုပ်ငန်းရှင်များလည်း မုတ္တမဟိုတယ်ဇုန်လုပ်ငန်းအတွက် လာရောက်ကြည့်ရှုနေကြကြောင်း သူကဆက်ပြောသည်။