UWSA နှင့် အစိုးရ တို့ အချက် ၅ ချက် ထပ်မံသဘောတူ

UWSA နှင့် အစိုးရ တို့ အချက် ၅ ချက် ထပ်မံသဘောတူ
by -
သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၁၂ ရက် ၂၀၁၃  ညနေပိုင်း ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ပြင်ပဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက်ကော်အန် ဦးဆောင်သောအဖွဲ့နှင့် အစိုးရ ပြည်ထောင်စုငြိမ်း ချမ်း ရေး လုပ်ငန်းဖေါ် ဆောင် ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့ တွေ့ဆုံကာ သဘောတူညီချက် ထပ်မံလက်မှတ်ရေး ထိုး  ထုတ်ပြန်ကြေငြာခဲ့သည်။

“သူတို့တွေ့ဆုံတာက ည ရ နာရီမှ ပြီးတယ်။   ၅ ချက်ထပ်မံလက်မှတ်ထိုးတယ်။ သတင်းထောက်တွေ မေးလိုက်ရင်လဲ တောင်ပိုင်း ၀ ပြဿနာက အဆင်ပြေပြီလို့ဘဲပြောနေကြတယ်။ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲ တာတွေထပ် မဖြစ်စေရပါဘူး လို့ဘဲပြောတယ်။ ဘယ်လိုဖြေရှင်း မလဲ။ ဘယ်လိုအာမခံချက်ပေးလဲ တိုက်ပွဲမဖြစ်အောင် စတာတွေ သေခြာခြာ ဖြေကြားပေးတာရှိဘူး” ဟု လိုက်ပါသတင်းယူသူ ကျိုင်းတုံဒေသခံ စိုင်းယီမောဝ့် က ပြောသည်။

ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာတွင် ထပ်မံသဘောတူခဲ့သော အချက် ၅ ချက် မှာ - “ပြည်ထောင်စုအဆင့် သဘောတူထားဖူးတဲ့ အချက်တွေကို နှစ်ဘက်စလုံးလိုက်နာမယ်၊ ထာဝရ ငြိမ်းချမ်းရေးရတဲ့အထိ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်၊ အစိုးရတပ်နဲ့ ၀ တပ်အကြားတပ်ပိုင်းကိစ္စ တွေရှိလာရင် နည်းလမ်းကောင်းတွေရှာပြီး ပွင့်ပွင့်လင်းလင်းတွေ့ဆုံဆွေးနွေး မယ်၊ နိုင်ငံတော်ကနေ ဘယ်တော့မှခွဲမထွက်ဘဲ နိုင်ငံတော်အချုပ်အခြာအာဏာ နဲ့ နယ်မြေ တည်တံ့ရေးအတွက် ၀ တွေက စွမ်းရည်များကို လှူဒါန်းပေးဆောင်မယ်၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်” - သဖြင့် ပါရှိကြောင်း  စိုင်းယီမောဝ့် က ပြောပါသည်။

တွေ့ဆုံပွဲတွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန် ဦးဆောင်သည့်အဖွဲ့ဝင် ၅ ယောက်၊ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့တက်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ တပ်မတော်သည် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် မ တွေ့ဆုံမီ နှစ်ရက်အလို ဂျူလိုင် ၁၀ ရက်နေ့တွင် တိုက်ခိုက်ရေး တင့်ကားအစီး ၂၀ တိတိ သံလွင် အနောက်ခြမ်းမှ တြိဂံတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာသည်ဟု ကျိုင်းတုံမြို့တွင်းနေ အပစ်ရပ်အရာရှိကြီးတဦးကပြောပါ သည်။

“အခုဆွေးနွေးပွဲက တောင်ပိုင်း ၀ ပြသနာဖြေရှင်းနိုင်ကြပြီလို့ပြောကြတယ်။ ဒါပေမယ့် ၀ နဲ့မဆွေးနွေးခင် တင့်ကား အစီး ၂၀ ကျော်က တြိဂံတိုင်းကို ထပ်ရောက်လာတယ်။ ဘာသဘော လဲတော့မသိဘူး” ဟု ပြော၏။

တိုက်ပွဲဝင် သံချပ်ကာကားများ၊ စစ်ရဟတ်ယာဉ်များ လက်ဝယ်ပိုင်ဆိုင်ထားသည် ဆိုသည့် သတင်းထွက်ရှိ ထား သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအနက် အင်အားအတောင့်တင်းဆုံးတပ်မတော်ဖြစ်သည်။ သီးခြား ၀ ပြည်နယ် ထူထောင်နိုင်ဖို့ရန်လည်း နေပြည်တော်အစိုးရထံတောင်းဆိုထားသည်။

agreementof uwsa 12 july

Most read this week