မြန်မာအစိုးရတပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နှစ်ဖက် ခေါင်းဆောင်များ ယနေ့ မွန်းလွဲပိုင်းက စတင်တွေ့ဆုံနေ
သည်ဟု နယ်စပ်သတင်းများအရ သိရသည်။
အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကွပ်ကဲရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး တို့ တက်ရောက်ခဲ့သည်။
ဝ တပ်ဖွဲ့မှ ပြည်ပ ဆက်သွယ်ရေးဌာနမှူး ကျောက်ကော်အန်း က ဦးဆောင်၍ စီးပွားရေးဌာနမှူး ပေါက်ယိုလျံ၊ အမှတ် ၁၇၁ တောင်ပိုင်းစစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင်၊ ဒု-စစ်ဦးစီးမှူး စိုင်းဆာမ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဆွေးနွေးမှုထဲတွင် ရှမ်းပြည်တောင်ပို်င်းတပ်မတော် (RCSS/SSA) မှ ကိုယ်စားလှယ် တဦးကိုလည်း လေ့လာသူ အဖြစ် တက်ရောက်ခွင့်ပေးခဲ့ပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ် မသိရသေးကြောင်း တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။
“အဆုံးအဖြတ် မပြီးလောက်သေးဘူး။ ဒါပေမယ့် သူတို့နှစ်ဖွဲ့နဲ့ပဲ မပြီးလောက်ဘူး။ လောလောလတ်လတ် ဖြစ်တာလောက်ပဲတော့ ပြီးရင်လည်း ပြီးနိုင်တယ်” ဟု မဇ္စျိမကို ပြောသည်။
RCSS/SSA ဆက်ဆံရေးရုံးများ၏ ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် စိုင်းလူးက ကျိုင်းတုံမြို့သို့ သွားသော်လည်း ဆွေးနွေးပွဲသို့ တရားဝင် တက်ရောက်၊ မတက်ရောက် မသိရသေးကြောင်း RCSS/SSA လက်အောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်း က မဇ္စျိမကို ပြောသည်။
“ကျနော်တို့ ကိုယ်စားလှယ်တဦးတော့ သွားလိုက်တယ်ဗျ။ ဒါပေမယ့် တကယ် အစည်းအဝေးမှာ တရားဝင် ပါမပါတော့ ကျနော် Confirm ပေးလို့ မရသေးဘူး။ ကျနော်တို့ နေပြည်တော် သွားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ တင်ပြထားတဲ့ အကြောင်းအရာ လုပ်ဖြစ် မလုပ်ဖြစ်ကို အဲဒီမှာ တက်ရောက်တဲ့ ဝန်ကြီးတွေနဲ့ တွေ့ပြီးတော့ မေးဖို့တပိုင်းပေါ့။ ဒါပေမယ့် ဒီပူးတွဲပြီးတော့ တွေ့ဆုံဖို့တော့ ကျနော် Confirm ပေးလို့ မရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် တပတ်ခန့်က ဝ တပ်နှင့် အစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် ဇူလိုင်လ ၆ ရက်နေ့ကနှစ်ဖက် တွေ့ဆုံကြရန် ရက်သတ်မှတ်ခဲ့သော်လည်း ဝ ဘက်မှ အဆင်သင့် မဖြစ်သေး၍ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက် စစ်ရေး တင်းမာနေမှုမှာ ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသော်လည်း မိုင်းဆတ်မြို့ အရှေ့ဘက် ၁၃ မိုင်အကွာရှိ လွယ်ဆမ်တောင်ကြော လွယ်ပါကေတောင်တွင် မြန်မာအစိုးရ တပ်စခန်း ၃ ခု တပ်ဖွဲ့က ပိတ်ဆို့ခံထားရသည်ဟု ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။
UWSA မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲတွင် အင်အား အကြီးမားဆုံး အဖွဲ့ဖြစ်သည်။