ငြိမ်းချမ်းရေးဖော်ဆောင်ရေးကာလအတွင်း ပဋိပက္ခများ ကရင်နီအမျိုးသမီးများ ပါ၀င်ကူညီဖြေရှင်းမည်

ငြိမ်းချမ်းရေးဖော်ဆောင်ရေးကာလအတွင်း ပဋိပက္ခများ ကရင်နီအမျိုးသမီးများ ပါ၀င်ကူညီဖြေရှင်းမည်
by -
ကန္တာရဝတီတိုင်း(မ်)

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အပစ်အခတ်ရပ် သဘောတူလက်မှတ် ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတောအတွင်း ပြည်သူကြားမှာရှိနေတဲ့ ပဋ္ဋိပက္ခတွေကို အမျိုးသမီးတွေအနေနဲ့ သုံးနှစ်စီမံကိန်းချမှတ်ပြီး ပါ၀င်ကူညီ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသမီးအဖွဲ့ (KNWO)မှ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေး၊ နိုင်ငံရေး ပဋ္ဋိပက္ခတို့ရဲ့ အကျိုးဆက်ကြောင့် လူထုအကြားမှာ တင်ကျန်နေသေးတဲ့ ပဋ္ဋိပက္ခ အနည်းအကျဉ်းလေးတွေ ပပျောက်အောင်ရည်ရွယ်ပြီး လူထုအလုပ်ရုံ ဆွေးနွေးပွဲသင်တန်းတွေ လိုက်လံ ပြုလုပ်နေရာမှ သိရှိရပါတယ်။

"ကျနော်တို့ရွာထဲမှာ Trauma (စိတ်ဒဏ်ရာ)   ဖြစ်တဲ့လူတွေ ရှိပါတယ်"လို့ KNWO မှပို့ချပေးတဲ့ လူထုအလုပ်ရုံဆွေးနွေးပွဲ သင်တန်းတက်ရောက်တဲ့ သင်တန်းသား ခူးတော့ရယ်က ပြောပါတယ်။

woman-workshop-news

လူထုအကြား ရင်ဆိုင်ကြံုတွေ့နေကြရတဲ့ အခက်အခဲပြဿနာတွေကို ကြားဝင် ဖျန်ဖြေခြင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ နှစ် သိမ့်ဆွေးနွေးခြင်း နဲ့ ငြိမ်းချမ်းရေး အကြောင်း ဆိုတဲ့ခေါင်းစဉ်(၄)ခုနဲ့ ယခု ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တရွာဝင်တရွာ ထွက် ပြုလုပ်သွား မှာဖြစ်ပါတယ်။

"ရွာထဲမှာရှိတဲ့ ပြသာနာလေးတွေ ဒီလိုမျိုးမဖြစ်ရလေအောင် နောက်ကျရင် တယောက်နဲ့ တယောက် ပေါင်းပေါင်း သင်းသင်း အတူတကွ ပူးပေါင်းဆောင်ရွက် ကြဖို့ ကျနော်စိတ်ကူးထားပါတယ်"လို့ ခူးတော့ရယ်က ဆက်ပြောပါတယ်။

ပြည်သူလူထုအကြားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ မဖြစ်ပေါ်ရလေအောင် အိမ်တွင်းငြိမ်းချမ်းမှု တည်ဆောက်လာနိုင်ရန် အိမ်တွင်းကနေစပြီး ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သင်တန်းပို့ချပေးသူ မော်ညားမာက ပြောပါတယ်။

လက်ရှိပြည်သူလူထုအကြားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ "နားမလည်သေးတဲ့ အချိန်ခါမှာ ကျမတို့က လူထုတွေကို သိသွားအောင် သူတို့မိသားစုမှာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေဖို့အတွက် သူတို့ပတ်ဝန်း ကျင်ရော သူတို့ ရွာထဲမှာရော အဲဒီငြိမ်းချမ်းရေးကို သူတို့ယူဆောင်နိုင်ဖို့အတွက်ကို ကျမတို့က လိုက်ပေးတာပေ့ါနော်"လို့ မော်ညားမာက ဆက်ပြောပါတယ်။

လက်ရှိ KNWO မှ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာမှာဇွန် (၂၈) ရက်မှ ဂျူလိုင်(၂)ရက်နေ့အထိ လူထုအလုပ်ရုံ ဆွေးနွေးပွဲပြု လုပ်ပြီးဆီးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ဖရူဆိုမြို့နယ်အတွင်းက ရွာငါးရွာနဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းက ရွာငါးရွာကိုလည်း ဆက်လက်လုပ်ဆာင်သွားမှာ ဖြစ်ပါတယ်။

Most read this week