ဗမာစစ်အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများ အပစ်ရပ်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အဖွဲ့ ၄ - ၅ ဖွဲ့ခွဲပြီး သန်းခေါင်စာရင်းသစ် လှည့်လည်ကောက်ယူနေကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။
ဖေဖေါ်ဝါရီလနှောင်းပိုင်းက ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာ မိုင်းယန်းမြို့အခြေစိုက် နအဖ ဌာနဆိုင်ရာများ နှင့် ကျိုင်းတုံမြို့ မှ လဝက၊ စရဖ၊ မယက၊ ပုလိပ်၊ ကြံ့ဖွတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး တို့ပူးပေါင်းပြီး လူစု ၄ ဖွဲ့ခွဲကာ မော်တော်ကား ရ စီးဖြင့် အပစ်ရပ် ၀ နှင့် မိုင်းလားအဖွဲ့ထိန်း ချုပ်နယ်မြေအတွင်း ကွင်းဆင်း လူစာရင်းကောက်ယူသည်ဟုဆို၏။
လူလတ်ပိုင်းဒေသခံအမျိုးသမီးတဦးက- “၀ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလားထိန်းချုပ်နယ်မြေအကြား မိုင်းယန်း မြောက်ဘက် ခိုဆုန်နယ်ခြားဂိတ်ရောက်တော့ အစောင့် UWSA ၀ တပ်ဖွဲ့က - အထက်ကအမိန့်မရတဲ့ အ တွက် ဖြတ်သန်းခွင့်မပြုနိုင်ဘူး- လို့ပြောတယ်။ ဒါနဲ့ လူ ၂၇ ယောက်တင် ကား ၂ စီး မိုင်းယန်းပြန်လှည့်ပြီးကျိုင်းတုံကို ပြန်သွားတယ် ” - ဟုဆို၏။
လူအင်အား ၃၀ ကျော် ကား ၅ စီး ပါအဖွဲ့ ၃ ဖွဲ့က - အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ ထိန်း ချုပ်နယ်မြေ ဆီလူးကျေးရွာအုပ်စု ၀န်းကျင်မှရွာများ၊ ဆီလူး အရှေ့မြောက်ဘက် ယန်းငင်း အခါရွာ နှင့် အရှေ့တောင်ဘက် ယန်းကောင့်ရွာ မိုင်းကွယ် သျှမ်းရွာဘက်သို့ သန်းခေါင်စာရင်းသစ်အတွက် လူစာရင်း ကောက်ယူနေသည်ဟု ဆိုသည်။
“ကဒ်လုပ်ပေးမယ်လို့ပြောတယ်။ အဖြူရောင်လား၊ ပန်းရောင်လား ဒါမှမဟုတ်သုံးခေါက်ချိုးလား - ဘယ်လို ပုံစံ လုပ်ပေးမှာလဲမသိဘူး။ နိုင်ငံသားစိစစ်ရေးကဒ် ခေါ်တဲ့ ပန်းရောင်မှတ်ပုံတင် လုပ်ပေးဖို့မပြောဘူး။ အသက် ၁၈ နှစ် သူတွေ စာရင်းဘဲကောက်တာ။ လောလောဆယ် အိမ်ထောင်စု စာရင်းအရင် လုပ်ပေး မယ်ထင်တာဘဲ” - အမည် မဖေါ်လိုသူ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။
မတ်လ ၂ ရက် အထိ ထိုအဖွဲ့များ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး၌ ရှိနေသေးကြောင်း၊ အထူးဒေသ ၄ ဌာနချုပ် ဖြစ်သော မိုင်းလားမြို့လည်း ကျိုင်းတုံမှသွား၍စာရင်းလိုက်ကောက်နေကြောင်း ထိုဒေသခံက ဆိုသည်။
၀ တပ်မှူးများနှင့် တြိဂံတိုင်းအတွင်း အဝင်အထွက်ရှိသူတဦးက - “နအဖဝန်ထမ်းတွေကို ၀နယ်ထဲ ပေးမဝင် တာက အဲဒီမှာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော် ၂ ခုကျင်းပဖို့ရှိတဲ့အတွက်လို့ပြောတယ်။ ၀ဌာနချုပ်ပန်ဆန်းကိုအကြောင်းကြားပေး ဖို့ သန်းခေါင်စာရင်းကောက်အဖွဲ့တွေက တြိဂံတိုင်းမှူးကိုတင်ပြတယ်။ ဒါပေမဲ့တိုင်းမှူး က နေပြည်တော်ရဲ့ ညွှန်ကြားချက် ရမှသာ ၀ နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရှိတယ် - လို့ပြန်ပြောတယ်တဲ့ ” - ဟု ဆို၏။
၂၀၀၈ နှစ်ဦးပိုင်းက နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲမကျင်းပမီကလည်း ဆီလူးဌာန ချုပ်၌ လူစာရင်း လိုက်ကောက် ကဒ်ပြားလုပ်ပေးစဉ် ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ် ထုတ်မပေးဘဲ ဒေသခံ များအလို မရှိသည့် ယာယီကဒ်ပြား အဖြူရောင်ကိုသာ ထုတ်ပေးခဲ့သောကြောင့် အပစ်ရပ် အာဏာပိုင်များက စစ်အစိုးရဝန်ထမ်းအဖွဲ့ပါ လူ ၁၀ ဦးကျော်ကို တပ်မဟာ ၃၆၉ ဌာနချုပ်၌ တလနီးပါး ထိန်းသိမ်းထားခဲ့ဖူးသည်။