အပစ်အခတ် ရပ်စဲရေး အခြေအနေ တည်ငြိမ်ပြီး ယုံကြည် စိတ်ချရမှု မရှိသေးသည့် အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စကို မည်သို့မျှ သဘောထား မရှိသေးကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU တွဲဖက် အတွင်းရေး ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
“တပ်နေရာ ချထားရေးကို ဘာမှ မလုပ်နိုင် သေးတဲ့ အတွက် အပစ်အခတ် ရပ်စဲရေးဟာ စိတ်ချ လောက်တဲ့ အနေအထားမှာ မရှိသေး ပါဘူး။ ဒီလို အခြေအနေ မျိုးမှာ လုံခြုံ စိတ်ချမှု မရှိသေး ဘဲနဲ့ တကယ်လို့ မိုင်းတွေ ရှင်းလင်း ခဲ့ရင် အကာကွယ် မဲ့ရာ ရောက်သွား ပါတယ်။ အဲဒါကြောင့် မိုင်းရှင်းလင်း ရေးဟာ အပစ်အခတ် ရပ်စဲရေး အခြေ အနေနဲ့ ဆိုင်ပါတယ်” ဟု ဆိုပါသည်။
KNU တွင် တပ်မဟာ (၇) ခု ရှိသည့် အထဲ၌ အားလုံးသည် အနည်းနှင့် အများ မြေမြှုပ် မိုင်းများ ရှိနေသည်ဟု ဆိုပါသည်။ သို့သော် လူထု အန္တရာယ် မဖြစ်စေရန်၊ မိုင်းကွင်း နေရာ များအား ဆိုင်းဘုဒ်များ ကပ်ထားခြင်း၊စာနှင့် အမှတ် အသားများ ဖန်တီး ပေးထား သည်ဟု ဆိုပါသည်။ သို့သော် ဤမြေမြှုပ်မိုင်း အန္တရာယ်ကြောင့် လူထု များ၏ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းခွင်နှင့် သွားလာရေးတွင် ထိခိုက် နေပါသည်။
ယေဘူယျ အားဖြင့် မြေမြှုပ်မိုင်း ရှိသော နေရာ များမှာ ကရင်ပြည်နယ် ဖါးအံ ခရိုင်ရှိ လှိုင်းဘွဲ မြို့နယ်နှင့် ဖါးအံမြို့နယ်တွင် လည်းကောင်း၊ မြဝတီ ခရိုင်ရှိ ကော့ကရိတ်နှင့် မြဝတီ မြို့နယ်တွင် လည်းကောင်း၊ ကြားအင်းဆိပ်ကြီး မြို့နယ်ရှိ ဘုရားသုံးဆူ နယ်စပ် ဖက်တွင် လည်းကောင်း၊ သံတောင် မြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီး ဖက်တွင် လည်းကောင်း၊ တနင်္သာရီတိုင်း မြိတ်နှင့် ထားဝယ်ခရိုင် ဖက်တွင် လည်းကောင်း ရှိနေပြီး တနေရာနှင့် တနေရာ အနည်း အများသာ ကွာခြားမှု ရှိပါသည်။
ဤဒေသ များတွင်၊ KNU ၊ ဒီမိုကရေစီ ကရင်အကျိုးပြု ကရင် တပ်မတော်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ၊ အစိုးရ တပ်ဖွဲ့ များနှင့် အစိုးရ နယ်ခြားစောင့်တပ် များက လှုပ်ရှား ခဲ့ပါသည်။ ဤသို့ကြောင့် ထောင်ထားသော မိုင်းများ မှာလည်း အနည်းဆုံး (၃) မျိုး (၃) စား ရှိနေနိုင် ကြောင်း KNU ဖက်မှ ဆိုပါသည်။
KNU သည် ဓါတ်ခဲအားကို အသုံးပြုသော လက်လုပ်မိုင်း အမျိုးအစား များဖြင့် ထောင်ထား တတ်ကြောင်း၊ ဤသို့ကြောင့် ဓါတ်ခဲတို့ မည်သည်မှာ အချိန်ကာလ တခု ရောက်ရှိ ပါက အလိုလို ပျက်စီး တတ်သဖြင့် စိုးရိမ်စရာ မရှိဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့ များသည် ရေရှည် ခံသော မိုင်းအမျိုးအစားဖြင့် ထောင်းထား တတ်ပါသည်။ ၄င်းတို့ ထောင်ထားသော မိုင်းကွင်း ဧရိယာ ဆိုပါက နှစ်ရှည် လများ အန္တရာယ် ရှိနေ ခဲ့ကြောင်း ဆိုပါသည်။
KNU သည် ၂၀၁၂ ခု နှစ်ဆန်း ပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ ဤအချိန်မှ စပြီး မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ထိခိုက် သေဆုံး မှုမှာ တရားဝင် စာရင်း အရ (၁၈) ဦးခန့် ရှိခဲ့ သော်လည်း လာရောက် အကြောင်းခြင်း မရှိသော သူများလည်း များစွာ ရှိနေကြောင်း သိရှိ ခဲ့သည်ဟု ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) က ဆိုပါသည်။
“မှတ်ထား သလောက် ဆိုရင် အထူးသဖြင့် တပ်မဟာ (၃) သံတောင်မြို့နယ် ဘက်မှာအဖြစ် များတယ်။ကရင်ပြည်နယ်တပ်မဟာရမှာမြေမြုပ် မိုင်းများတယ်။ထိခိုက် ဒဏ်ရာ ရတာရယ် သေတာရယ် နွားတွေ သေတာရယ် တပ်မဟာ (၇) မှာ အဖြစ် များတယ်။ ကော့ကရိတ် မြို့နယ်တပ်မဟာ (၆) မှာ ရွာသား (၃) ယောက်် ထဲမှာမိန်းကလေး (၂) ယောက် ယောကျာင်္လေး (၁) ယောက် ခြေတောက် ပြတ်တယ်။ တပ်မဟာ (၅) ဖာပွန် ခရိုင်မှာ ရွာသား (၅) ယောက် သေတယ်။ တပ်မဟာ (၂) မှာ အစိုးရ စစ်ကား တစ်စီး မိုင်းထိ သွားတယ်။ မြေမြုပ်မိုင်းက နေရာ တော်တော် များများမှာ တည်ရှိ နေဆဲပဲ။ ရွာသား တွေက ဒီမိုင်း ကိစ္စနဲ့ ပတ်သက် ပြီးတော့ ရှင်းလင်းဖို့ တောင်းဆိုတယ်” ဟု ဆိုပါသည်။
မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေး ကိုလည်း ထိခိုက် စေခဲ့ ပါသည်။ KNU သည် မြေမြှုပ်မိုင်း ရှင်းလင်းရေး အဆင့် သုံးဆင့် ရှိရာတွင် အဆင့် နှစ်ဆင့်ကို လိုက်နာ ဆောင်ရွက်ပြီး ဖြစ်သည်ဟု ဆိုပါသည်။
ပထမ အဆင့် မြေမြုပ်မိုင်း အန္တရာယ် ပညာပေး သင်တန်းကို အပစ်အခတ် မရပ်စဲခင် ကတည်းက ပညာပေး နေခဲ့ သည်ဟု ဆိုပါသည်။အထူး သဖြင့် ပြည်သူ လူထု အတွင်း အန္တရာယ် ရှိနိုင်သည့် မိုင်းများ၏ အနေအထား များအား အသိပေး ခဲ့ပြီး မြေမြုပ်မိုင်း ဧရိယာ များကိုလည်း သတ်သတ် မှတ်မှတ် ဖော်ပြ ထားခဲ့ကြောင်း ဆိုပါသည်။
ဒုတိယ အဆင့်တွင် မိုင်းတည်ရှိကြောင်း အချက်အလက် ကောက်ယူမှု စတင်ရန် အစီအစဉ် ရှိသည်ဟု ဆိုပါသည်။ မျက်မြင်များ၊ လက်သည် များနှင့် နယ်မြေခံ လူထု ထံမှ ရရှိသော သတင်း အချက်အလက် များကို စုဆောင်းရန် ဖြစ်ပါသည်။ KNU သည် ဤအဆင့်၌ထိုက်သင့် သလောက် ဆောင်ရွက် ခဲ့သော်လည်း တိကျသော အကောင်အထည် ဖေါ်မှု မရှိ သေးကြောင်း ဆိုပါသည်။
တတိယ အဆင့် ဖြစ်သော မိုင်းရှင်းလင်း ရေးတွင် ဖြစ်ပေါ် နေသော အပစ်အခတ် ရပ်စဲရေး အပေါ်မူတည်ပြီး ဆုံးဖြတ် သွားမည်ဟု KNU ပြောခွင့် ရသူ ပဒိုမန်းမန်းက ဆိုပါသည်။