အစိုးရ၏ တောင်းဆိုချက်ကို SSPP ဗဟိုကော်မီတီ အစည်းအဝေးက လက်မခံ

အစိုးရ၏ တောင်းဆိုချက်ကို SSPP ဗဟိုကော်မီတီ အစည်းအဝေးက လက်မခံ
by -
ရွှေဟင်္သာ

စစ်ရေးအရ အရေးပါသည့် ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး မြို့နယ်မှ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ တာဆန်ပူး (ကူးတို့ဆိပ်) စခန်းအား ဆုတ်ပေးရန် အစိုးရ တပ်ဖွဲ့မှ တောင်းဆိုမှု အပေါ် SSPP (၆) လပတ် ဗဟို ကော်မီတီ အစည်းအဝေးက လက်မခံကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလမှ ဆိုပါသည်။

ငြိမ်းချမ်းစွာ ယုံကြည်မှု တည်ဆောက်လိုသော ရှမ်းအဖွဲ့များ ငြိမ်းချမ်းစွာ ယုံကြည်မှု တည်ဆောက်လိုသော ရှမ်းအဖွဲ့များ (ဓါတ်ပုံ - SSPP)

“ကျွန်တော်တို့ ကတော့ အဲဒီ နေရာဟာ တလျှောက်လုံး နေလာတဲ့ နေရာ ဖြစ်တယ် လေနော်၊ ဗျူဟာကျတဲ့ အဓိက နေရာလည်း ဖြစ်တယ်လေ၊ ကျွန်တော်တို့ တပ်မဟာ (၇) ကို သွားတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်ဆိုတော့၊ ဘယ်ဆုတ်ပေး နိုင်ပါ့ မလဲနော်” ဟု ဆိုပါသည်။

၄င်းတာဆန်ပူး (ကူးတို့ဆိပ်) တပ်စခန်းအား ဆုတ်ခွာပေးရန် အစိုးရမှ SSPP အားနှစ်ကြိမ် တိုင်တိုင် ရာဇသံ ပေးခဲ့ပြီး ဖြစ်သည်။ ဒုတိယ အကြိမ် ရာဇသံကို ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့တွင် ပေးခဲ့ခြင်းဖြစ်သည်။ ယင်းရာဇသံကို  ရှမ်းပြည် တောင်ပိုင်း ခိုလမ် မြို့နယ်ခွဲတွင် အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးထွဋ်လှိုင် က SSPP အတွင်းရေးမှူး (၂) ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စဝ်ခမ်းတီ ထံသို့ ဆက်သွယ်၍ ရာဇသံ ပေးခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ ရာဇသံ ပေးပြီးနောက်ပိုင်း ဆုတ်ခွာပေးခြင်း မရှိသော SSPP တပ်များအား အစိုးရ အရှေ ့ အလယ်ပိုင်း တပ်များမှ  ခမရ (၅၂၅) နှင့် ခမရ (၅၆၉) တို့က စစ်ကြောင်းနှစ်ကြောင်းဖြင့်ဇွန်လ၂၂ ရက်နေ့မှ (၂၄) ရက်နေ့ အထိ SSPP တပ်အား (၂) ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ပါသည်။  

ထို့အပြင်  အစိုးရ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် မှ စကခ (၁၇) နှင့် စကခ (၂) တို့မှ တပ်အင်အားများသည် မိုင်းရှူး နှင့် တန့်ယန်း အကြားရှိ လွယ်စေး နှင့် လွယ်လန်း တစ်လျှောက်တွင် ထောင်နှင့် ချီသော တပ်များ နေရာယူ တပ်စွဲ ထားပါသည်။ဤလုပ်ရပ်သည် SSPP ၏ ထိန်းချုပ် နယ်မြေ အပြင်၊ “ဝ” တောင်ပိုင်း ဒေသများသို့ချိန်ရွယ် ထားသည့် အင်အားများလည်း ဖြစ်ပါသည်။

SSPP သည် အစိုးရ တပ်ဖွဲ့များ၏ (၆) ကြိမ်တိုင်တိုင် ရာဇသံကို လိုက်နာ ပေးခဲ့သည့် အတွက် စခန်း(၃)ခု ဆုတ်ခွာပေးခဲ့ ဘူးပါ သည်။ အစိုးရတပ်များသည် ဆုတ်ခွာသွားသော SSPP စခန်းနေရာတွင် နေရာယူ တပ်စွဲခဲ့ပါသည်။ ဤကဲ့သို့ ရာဇသံပေးလိုက်တိုင်း ဆုတ်ခွာပေးနေသည့်အတွက် အရေးကြီးပြီး ဗျူဟာကျသည့် နေရာများကိုပါ ရာဇသံပေးလာခဲ့ ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အစိုးရ တပ်များ၏ တောင်းဆိုမှုကို ဆုတ်ခွာပေးခြင်း မရှိသဖြင့် အခြေအနေ တင်းမာနေသည်ကို ဆွေးနွေးရန် ဦးသိန်းဇော် ဦးဆောင်သော ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့၌ လားရှိူးသို့ရောက်လာပြီး SSPP ကိုယ်စားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

“ ဦးသိန်းဇော်ကတော့ အခုဖြစ်နေတဲ့ SSPP နဲ့ တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေလောက်တဲ့ မဟုတ်ပါဘူး။ လက်အောက်ခံ ပြသနာတွေပါလို့ SSPP အားဆိုခဲ့ပါတယ်” ဟု ဆိုပါသည်။

SSPP သည် တာဆန်ပူ စခန်းအား ဆုတ်ပေးမည် မဟုတ်ဟု ဇူလိုင် (၂) ရက်နေ့မှ (၈) ရက်နေ့ အထိ ၄င်းတို့ ဗဟို ဌာနချုပ်တွင် ကျင်းပသော ဗဟိုကော်မီတီ အစည်းအဝေးက ထပ်မံ ဆုံးဖြတ် လိုက်ပါသည်။ ဤသို့ကြောင့် ဆက်ဆံရေးများ တင်းမာလာရန် ရှိနေပါသည်။ အစိုးရ တပ်ဖွဲ့များသည် SSPP နှင့် အပစ်အခတ် ရပ်စဲထားလင့်ကစား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း မှ ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ် (၁၂၀) ခန့် တမင် တိုက်ခို်က်ခဲ့ပြီး ဖြစ်ပါသည်။

SSPP နှင့် အစိုးရ တပ်ဖွဲ့တို့၏ နောက်ဆုံး ထိတွေ့ တိုက်ပွဲသည် ပြီးခဲ့သည့်ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ကျေးသီး မြို့နယ် မမ့်ဝပ်ရွာ ဘုန်းကြီးကျောင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ပါသည်။  ဤတိုက်ပွဲ၌ အစိုးရ တပ်ဖွဲ့ အချင်းချင်း မှားယွင်း ပစ်ခတ်မှုကြောင့် များစွာ ထိခိုက် ဒါဏ်ရာ ရခဲ့သည်ဟု ဆိုပါသည်။

ဤသို့သော အခြေအနေများ ဖြစ်လာနေသည့် အတွက် ဦးသိန်းဇော် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် SSPP ကိုယ်စားလှယ် အဖွဲ့နှင့် ဇူလိုင် (၆) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ချိန်းဆို ခဲ့ပြန်ပါသည်။ သို့သော် SSPP သည် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အစိုးရတို့ တွေ့ဆုံကြမည့် ဇူလိုင် (၁၁) ရက်နေ့ နောက်ပိုင်းမှသာ တွေ့ဆုံတော့မည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

ယင်းတွေ့ဆုံပွဲအတွက် SSPP သည် အထွေထွေ အတွင်းရေးမှူး စဝ်ခွန်စင် ဦးဆောင်မည့် ကိုယ်စားလှယ် (၅) ဦးဖြင့် တွေ့ ဆုံရန် ပြင်ဆင်ထားပါသည်။  “ဝ” နှင့် တွေ့ဆုံပြီး နောက်ပိုင်း မိမိတို့နှင့်တွေ့ဆုံမည် ဖြစ်သည်ဟု SSPP ထံ အကြောင်းကြား ထားသော်လည်း  နေ့ရက် အတိအကျ မသတ်မှတ်ရသေးကြောင်း ဆိုပါသည်။ အစိုးရသည် UWSA နှင့် ဇူလိုင် (၁၁) ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးရန် ရှိပါသည်။

အစိုးရ တပ်များသည် UWSAကို စစ်ဆင်လိုပါက SSPP နယ်မြေအား ဖြတ်သန်းရပေမည်။ UWSA နှင့် SSPP သည်လည်း စစ်ရေး မဟာမိတ်များ ဖြစ်ပါသည်။ (၇) ရက်ကြာ ကျင်းပသော SSPP ၏ ဗဟိုကော်မီတီ အစည်းအဝေးသည်လည်း အစိုးရနှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာကို အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းလိုကြောင်း ကြေညာချက် ထဲတွင် ဖေါ်ပြ ထုတ်ပြန် ထားပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက် နေ့တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

Most read this week