၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်စားလှယ် (၅) ဦးသည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးရန် ယနေ့ မနက် ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ကျိုင်းတုံ မြို့သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ဆိုပါသည်။
“ အခုသွားတဲ့ ကိုယ်စားလှယ် တွေကတော့ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံက ခေါင်းဆောင် ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ ဆက်သွယ်ရေး ဌာနကြီးမှူး ကျောက်ကုန်အန်း ပြီးတော့ (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး၊ ဝေရှောရင်း၊ ဒုဦးစီးမှူး စိုင်းစံနဲ့ ရုံးအုပ် ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦးပေါ့၊ ဒီနေ့ မနက်ပိုင်းမှာ ကျိုင်းတုံ မြို့ကို ထွက်သွား ပါပြီ” ဟု ဆိုပါသည်။
UWSA သည် မူလက ၄င်းတို့၏ ဒုတိယ ဥက္ကဌ ရှောင်းမီလျံကို အဖွဲ့ ခေါင်းဆောင် အဖြစ် ရာထားသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပါသည်။ အစိုးရဘက်မှ ကိုယ်စားလှယ် များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ဟု သိရ သော်လည်း ကိုယ်စားလှယ် ဦးရေ စာရင်းကို မသိရ သေးဟု ဆိုပါသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် UWSA နှင့် အစိုးရ တပ်တို့၏ နှစ်ဖက် စစ်ရေး တင်းမာမှု များကို ဖြေရှင်းရန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ UWSA ကို အကြောင်းကြား ထားခဲ့သည်ဟု ဆိုပါသည်။ UWSA သည် အစိုးရ ချိန်းဆိုခဲ့သော ဇူလိုင် (၆) ရက်နေ့တွင် အဆင်သင့် မရှိသဖြင့် မနက်ဖြန် ဇူလိုင်လ (၁၁) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူ ထားခဲ့ခြင်း ဖြစ်ပါသည်။
ဆွေးနွေးရမည့် အကြောင်းအရာများမှာ UWSA နှင့်အစိုးရတပ်ဖွဲ့တို့သည် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးတင်ဝင်းမှUWSA ၏ တပ်တည်နှင့် အင်အား စာရင်း တောင်းခံသည့် ကိစ္စ၊ တပ်စခန်းချင်း မျက်နှာချင်းလာရောက် ဆိုင်ထားသည့် ကိစ္စ၊ UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းပိုက်သည့် ကိစ္စနှင့် တာချီလိတ် မြို့တွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦး သေဆုံးသည့် ကိစ္စ များပင် ဖြစ်ကြောင်း ဦးအောင်ကျော်ဇော က ဆိုပါသည်။
UWSA နှင့် အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည်နယ် တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်နှင့် မိုင်းတုန် မြို့နယ်တွင်မက ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဟိုပန်၊ မိုင်းယွမ်း၊ မိုင်းတုန်၊ ဟွေအော့၊ မိုင်းကျွတ်နှင့် ခိုင်းလုံ ဒေသ အားလုံးနှင့် ဆိုင်သော ၀တောင်ပိုင်း ကိစ္စ အတွက် အစိုးရ၏ သဘောထား တစ်ရပ် ရရှိရန် ဆွေးနွေး ရတော့မည်ဟု အကဲခတ် များက ဆိုပါသည်။
UWSA ၏ တောင်ပိုင်းတိုင်းတွင် စစ်အင်အား (၂)သောင်း နီးပါးရှိပြီး ၀ပြည်သူ တစ်သိန်းခန့်က ၀န်းရံ ထားပါသည်။ ဤအစီ အစဉ်သည် ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ် ခင်ညွန်နှင့် တရုတ် အစိုးရတို့၏ သဘော တူညီချက်အရ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ UWSA ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပါ ပေးထား ခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် လက်ရှိ ၀တောင်ပိုင်း ဒေသ၌ အစိုးရ တပ်အင်အားသည် အများဆုံး တပ်ရင်း (၁၅) ရင်းခန့်သာ ရှိနေသည့် အတွက် အင်အား (၃၀၀၀) ကျော်သာ ရှိနေကြောင်း ၀ဖက်က ဆိုပါသည်။ ဤအခြေအနေ များကြောင့် အစိုးရတပ်ဖွဲ့များ သည် UWSA ကို ရင်ဆိုင် တိုက်ခိုက်သည့် အနေအထား၌ မရှိသေးကြောင်း အကဲခတ် များက ဆိုပါသည်။