ဗုဒ္ဓဂယာ ဗုံးခွဲမှု ထိုင်းနိုင်ငံရောက် သံဃာများ အိန္ဒိယသံံရုံးရှေ့ မေတ္တာပို့ဆန္ဒပြ

ဗုဒ္ဓဂယာ ဗုံးခွဲမှု ထိုင်းနိုင်ငံရောက် သံဃာများ အိန္ဒိယသံံရုံးရှေ့ မေတ္တာပို့ဆန္ဒပြ
by -
မဇ္ဈိမ

အိန္ဒိယနိုင်ငံရှိ မဟာဗောဓိ စေတီတော် ဗုံးခွဲမှုများကို ရှုတ်ချကာ နောင် မဖြစ်ပွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ပေးရန် ထိုင်းနိုင်ငံရှိ မဟာ ချုလာ တက္ကသိုလ်မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာများ ဦးဆောင်ကာနိုင်ငံတကာ သံဃာတော်များက ဘန်ကောက်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် မေတ္တာပို့သ ဆန္ဒပြခဲ့ကြသည်။

Buddha Fellowship အဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံတကာ သံဃာတော်များ၊ သီလရှင်များနှင့် လူထု အပါအဝင် စုစုပေါင်း ၃၀၀ ခန့်က တနာရီခန့်ကြာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြ သံဃာတော်တပါးက မဇ္စျိမကို မိန့်ကြားသည်။

“အိန္ဒိယနိုင်ငံမှာ မဟာဗောဓိမှာ ဗုံးပေါက်တဲ့ကိစ္စပြီးတော့ ဒီကိစ္စတွေကို အပြင်းအထန် ကန့်ကွက်တယ်။ ဒါက အကြမ်းဖက်မှုတွေ ဘယ်လိုမှ မဖြစ်သင့်ဘူး။ အဲဒါကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတယ်ဆိုတာက နိုင်ငံရေးအသုံးအနှုန်းပေါ့။ ဦးဇင်းတို့က လမ်းလျှောက် တရားတော်နဲ့အညီ မေတ္တာရွတ်ဖတ်ပြီး အေးအေးချမ်းချမ်းပဲ မေတ္တာပို့ ဆန္ဒပြတဲ့သဘောပါပဲ” ဟု ချူလာလောင်ကောင် တက္ကသိုလ် ကျောင်းသားဟောင်း ဦးဇင်း ဦးတေဇ က မိန့်ကြားသည်။

အင်္ဂလိပ်၊ ထိုင်း နှစ်သာဘာများဖြင့် “ကျနော်တို့ရဲ့ လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါ” ၊ “ဗုဒ္ဓဂယာကိုစောင့််ရှောက်ပေးပါ” ၊“ဗုဒ္ဓဘာသာကဏ္ဍကိုလည်း စောင့်ရှောက် ထိန်းသိမ်းပေးပါ” ဟူသော ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြ ဟောပြောမှုများပြုလုပ်ကြသည်။

“သံရုံးရှေ့မှာ တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံခြားသားပေါင််းစုံ ဟောပြောတယ်။ တခြား သာသာနာပြုနေတဲ့ ဆရာတော်တွေ၊ သံဃာတော်တွေ ဟောပြောတယ်။ မိန့်ခွန်းတွေထဲမှာက လုံခြံုရေး မရှိလို့ ဒီလို ဖြစ်တာတွေ၊နောက်နောင် ဒီလို မဖြစ်အောင် လုံခြံုရေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုတယ်။ ဗုဒ္ဓဂယာမှာ ဒီလိုလုပ်တာဟာ အနာဂတ်အတွက် အလားအလာ မကောင်းဘူးဆိုတာတွေ ဟောပြောကြတယ်” ဟု ချူလာလောင်ကောင် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဦးကုဝေရ က မိန့်သည်။

ယခုကဲ့သို့ နိုင်ငံတကာ သံတော်တော်များ ဆန္ဒဖော်ထုတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် အားသစ်တခုအဖြစ် ခံယူကာ နောင်အနာဂတ်တွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စမှန်သမျှကို ငြိမ်းချမ်းစွာဖြင့် ကာကွယ်သွားရန် ဆန္ဒပြုလိုကြောင်းလည်း ဦးကုဝေရ က ဆက်လက် မိန့်ကြားသွားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ရ ရက် တနင်္ဂနွေနေ့ နံနက် ၅ နာရီခွဲက မိနစ် ၃၀ အတွင်း ဗုဒ္ဓ ဂယာအရပ်၌ ဗုံး ၁၃ လုံးအနက် ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မဟာဗောဓိ ပရဝုဏ်အတွင်း ဗုံး လေးလုံး ပေါက်ကွဲခဲ့ပြီး မြန်မာသံဃာ သံဃာတော် ဦးဝိလာသဂ္ဂ နှင့် အခြားတိဘက် လူမျိုးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ယခုလ ၈ ရက်နေ့ကလည်း မာဂဓ တက္ကသိုလ် ကျောင်းများသမဂ္ဂ၊ All India Bhikhu Sangha နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သီရိလင်္ကာ၊ လာအို၊ ဂျပန်၊ ကိုရီးယား၊ ကမ္ဘောဒီယား၊ ထိုင်း၊ ဗီယက်နမ်၊ တိဘက်နဲ့ မြန်မာ ရဟန်းသံဃာများနှင့်ဒေသခံများက အကြမ်းဖက်မှုကို ရှုတ်ချပြီး “မဟာဗောဓိ ကယ်တင်ကြ” ရန်နှင့် လုံခြံုရေး တိုးမြှင့်ပေးရန် အင်အား ရ၀၀ ကျော်ဖြင့် ဆန္ဒပြကြသည်။