စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်များနှင့် ပါတီများသို့ ဇူလိုင် ၉ ရက်က ပေးပို့ခဲ့ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) မှ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။
ယင်းသို့ ပေးပို့ခြင်းမှာ လွှတ်တော်နှင့် ပါတီများအနေဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး လေ့လာ သုံးသပ်နိုင်ရန် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးသီဟစောက “ပြန်ကြားရေးက ရေးဆွဲထားတဲ့ ဥပဒေကြမ်းမှာပါတဲ့ တချို့အချက်တွေက မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်တဲ့ အချက်တွေပါတယ်၊ ပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်နိုင်အောင် ပေးပို့တာပါ”ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် က ဇူလိုင် ၄ ရက်တွင် အတည်ပြုလိုက်ပြီး ယင်းဥပဒေကို စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ထားသည်။ သတင်းမီဒီယာနှင့် ပတ်သက်သော ဥပဒေများဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းနှင့် သတင်းစာဆရာများ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေ ကြမ်း နှစ်မျိုးလုံးကို လွှတ်တော်သို့ တင်ပြထားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ကို ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။