နယ်သာလန် ရခိုင်အမျိုးသား အသင်း ဖွဲ့စည်း

နယ်သာလန် ရခိုင်အမျိုးသား အသင်း ဖွဲ့စည်း
by -
နိရဥ္စရာ

နယ်သာလန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများက ရခိုင်အရေးကို ညီညွှတ်စွာဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ရခိုင်အမျိုးသား အသင်း (နယ်သာလန်)ကို ယခုလ ၆ ရက်နေ့က ဖွဲ့စည်း လိုက်သည်။

လူပေါင်း ၂၆ ဦးတက်ရောက်သော နယ်သာလန်နိုင်ငံ Capellenborg မြို့ Wijhe ခန်းမတွင် ပြုလုပ်သော အစည်းအဝေးတွင် အဆိုပါ အသင်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် အဖွဲ့အစည်းအား ဦးဆောင်ရန် ကော်မီတီ အဖွဲ့ဝင် (၇) ဦးကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။

အဖွဲ့၏ ဥက္ကဌ အဖြစ် ကိုဓညလင်းအား၎င်း၊ အတွင်းရေးမှူး အဖြစ် ကိုသန်းစိုးအား၎င်း၊ ကော်မီတီဝင်များ အဖြစ် ကိုသိန်းအောင်ကျော်၊ ကိုရန်နိုင်စိုး၊ ကိုကျော်သိန်း၊ ကိုဌေးဝင်းနှင့် ကိုမျိုးမြတ်တို့ကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု ဆိုသည်။

အသစ် ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသား အသင်း (နယ်သာလန်) အနေဖြင့် ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုးသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး နိမ့်ကျ ဆင်းရဲနေသော ရခိုုင်ပြည်နယ် အရေး ကိစ္စများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ကိုဓညလင်းက ရခိုင်တမျိုးသားလုံး၏ ညီညွှတ်ရေးမှာ အရေးကြီးကြောင်း၊ သို့အတွက် ညီညွှတ်ရေးကို ရှေးရှုပြီး ယခု အဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း၊ ဤအဖွဲ့ကို အခြေခံပြီး ဥရောပနိိုင်ငံများ တွင် ရောက်ရှိနေကြသော ရခိုင်သားများ အားလုံးပါ၀င်နိုင်သည့် ရခိုင်အမျိုးသား အသင်း တစ်ခု ဖြစ်မြှောက်ရေး အတွက် ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုမှ တဆင့် တကမ္ဘာလုံးရှိ ရခိုင်အမျိုးသား အသင်းကြီး တစ်ခု ဖြစ်ပေါ်ရေးကို ရည်ရွယ်ကြောင်း ပြောဆိုသည်။

သို့မှသာ နိမ့်ကျဆင်းရဲနေပြီး အုပ်ချုပ်သူများ၏ ဖိနှပ်မူကို နည်းမျိုးစုံနှင့် ခါးစည်းခံနေကြရသော ရခိုင်ပြည်သူများ အရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု သူက ဆိုသည်။

လက်ရှိ နယ်သာလန်နိုင်ငံတွင် ရခိုင်အမျိုးသား ၅၀ ခန့် ရောက်ရှိ အခြေချနေထိုင်နေကြောင်း သိရသည်။

Most read this week