ယခုရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း “ဝ”ဒေသတွင် ဖြစ်ပေါ်လာသည့် စစ်ရေးတင်းမာမှုများသည် အစိုးရစစ်တပ်ဖက်မှ စစ် စခန်းနေရာများ (တပ်တည်/အင်အား)တောင်းဆိုခြင်း၊ လက်ရှိတပ်စွဲနေသည့်နေရာမှ ဆုတ်ခွာရုပ်သိမ်းပေးရန် တောင်းဆိုခြင်း စသည့် ကိစ္စများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
သို့အတွက် တင်းမာမှုများ ပေါ်ပေါက်လာအောင်၊ အပစ်အခတ်ရပ်စဲထားမှု ပျက်ပြားသွားအောင် စတင်ဖန်တီးသူမှာ အစိုးရစစ် တပ်သာ ဖြစ်သည်။
တောင်ပေါ်မြေပြန့် လူမျိုးစုံပြည်သူများ၏ ဆန္ဒမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်လိုခြင်းသာ ဖြစ်သည်။
ယခုတော့ ဝ နှင့် အစိုးရစစ်တပ်အကြား စစ်ရေးတင်းမာမှုဒီဂရီက နွေနေပူသလိုတရိပ်ရိပ်မြှင့်တက်လာနေ ခဲ့ပြီ။ အပစ်အခတ် ရပ်စဲထားမှု၏ မရေရာသည့်သဘော၊ အာမခံချက်မရှိသည့်သဘောသည် ပို၍ပို၍ ထင်ရှားလာပါသည်။
တိုက်ခိုက်ပစ်ခတ်မှုများ အပြီးအပြတ် ရပ်ဆိုင်းလိုလျှင် နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖြေရှင်းနိုင်မှသာ ဖြစ်နိုင်မည်ဟူ သောအချက်မှာလည်း ပို၍ ပို၍ ထင်ရှားပြတ်သားလာပါသည်။ သို့မဟုတ်လျှင်တော့ အပစ်အခတ်ရပ်စဲလိုက်ကြ၊ အပစ်အခတ်ရပ်စဲမှု ကျိုးပျက်၍ ထပ်မံပစ်ခတ်တိုက်ခိုက်လိုက်ကြနှင့် “ပစ် - ရပ်” သံသရာမဆုံးအောင် လည်နေပေတော့မည်။ ထိုသို့ အဖန်ဖန်လည်နေသော “ပစ် - ရပ်” သံသရာထဲတွင် ထိခိုက်နာကျင်ရဆုံးသူ များမှာ လူမျိုးပေါင်းစုံပြည်သူများပင် ဖြစ်ပါသည်။ သူတို့ထဲတွင်ဘေးအန္တရာယ်အများ ဆုံးခံရသူများ ကလေးများ၊ မိခင်များနှင့် သက်ကြီး ရွယ်အိုများ ဖြစ်ပါသည်။
ယာယီအားဖြင့် နှစ်ဖက်စစ်တိုက်ခိုက်မှု ရပ်စဲနိုင်ခဲ့ကြပြီးပြီဆိုလျှင် ဆောလျင်နိုင်သမျှဆောလျင်စွာ နိုင်ငံရေးဆွေးနွေးမှုသို့ တက်လှမ်းကြရပါမည်။ သို့မှသာ ရေရှည်တည်ငြိမ်မှုနှင့်ငြိမ်းချမ်းမှုရှိသော အနေအထား တစ်ရပ်ဆီသို့ အာမခံချက်ရှိစွာ ဆက်လက် လျှောက်လှမ်းသွားနိုင်ပါလိမ့်မည် ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ။ အတိုက်အခိုက်ရပ်စဲထားပြီး၊ စီးပွားရေးလုပ်ကြ၊ ဒေသဖွံ့ဖြိုးရေးလုပ်ကြ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ကြမည်ဆိုလျှင် ခိုင်မာသော နိုင်ငံရေးသဘောတူညီချက် မရှိသည့်အတွက် ထိုလုပ်ငန်းများ အာမခံ ချက်ရှိမည် မဟုတ်ပါ။ အချိန်မရွေးပျက် ပြားသွားမည်သာဖြစ်သည်။ ပျက်ပြားခဲ့သည့်သာဓကတွေလည်း တစ်ပုံတစ်ပင်ရှိပါသည်။
အဘယ့်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ဆောလျင်စွာတက်လှမ်းခြင်း မပြုသလဲ။
အစိုးရဘက်မှ သတ်မှတ်ထားသည့် “ပြည်နယ်အဆင့် မူဝါဒလုပ်ငန်းစဉ် ၅ရပ်” ဆိုသည်မှာ အချုပ်အားဖြင့် နှစ်ဖက် အတိုက်အ ခိုက် ရပ်စဲထားကြရေး၊ ကိုယ်တပ်စွဲထားရာ ကိုယ့်နယ်မြေတွင်နေရေး၊ ဖြတ်သန်းသွား လာကြသည့်အခါ နှစ်ဖက်အပြန်လှန်သတင်းပေးပို့ ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်ကြရန်သာဖြစ်သည်။
ယခုအခါ အစိုးရဘက်မှ “တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရေး ထိုးခြင်း” အဆင့်တစ်ခု ထပ်တိုးလာသည်။ ထိုအဆင့်ကို သမ္မတဦးသိန်းစိန်နှင့် (RCSS/SSA) ဥက္ကဋ္ဌဦးယွက်စစ်တို့ နေပြည်တော်၌တွေ့ဆုံရာတွင် သမ္မတဦးသိန်း စိန်မှ စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုအဆင့်နှင့်ပတ်သက်ပြီး ဦးအောင်မင်းမှ ပြည်သူ့လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (စတုတ္တနေ့) ဇွန်လ ၂၈ ရက်နေ့တွင် တင်ပြခဲ့ပါသည်။
ထိုအဆင့်မှာ “သင့်တော်သည့်ကာလတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုး ခြင်းကို နေပြည်တော်တွင် ကျင်းပပြုလုပ်ရန်” ဖြစ်သည်။ ထိုအစီအစဉ်ကို သမ္မတဦးသိန်းစိန်က ဦးစီးကျင်းပမည်။
ထို့အပြင် “အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော်မှခေါင်းဆောင်များ၊ ကဏ္ဍအသီးသီးမှ သက်သေ များနှင့် ကိုယ်စားလှယ်များ ပါဝင်သော ကျယ်ပြန့်သည့် လက်မှတ်ရေးထိုးမှုအဖြစ် ပြုလုပ်မည်ဖြစ်ပါကြောင်း” ပါရှိသည်။
ယင်းသို့ လက်မှတ်ရေးထိုးပြီးနောက်
- နိုင်ငံရေးအကောင်အထည်ဖေါ်မှုအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရေးထိုး သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်ပြုခြင်းကို ကြေညာနိုင်မည်
- တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးဆွေးနွေးမှုများ အစပြုနိုင်ရန် နိုင်ငံတော်၏ ရပ်တည်ချက်နှင့် အခြေခံမူများ ကို နိုင်ငံတော်သမ္မတက အခြေပြမိန့်ခွန်းပြောကြားမည် ဟူ၍ ဖြစ်ပါသည်။
ဤနေရာတွင် ဆန်းစစ်မေးမြန်းစရာ မေးခွန်းတွေပေါ်လာပါတော့သည်။
ပြည်သူ့လွှတ်တော်တွင်းရှိ ဒီချုပ်အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် အဘယ့်ကြောင့် ဤကိစ္စ နှင့် ပတ်သက်၍ မေးသင့်မေးအပ်သော မေးခွန်းများ ရှင်းလင်းချက်များကို မေးမြန်းခြင်းတောင်းခံခြင်း မပြုရပါသလဲ။
အစိုးရအနေဖြင့် အဘယ့်ကြောင့်နိုင်ငံရေးဆွေးနွေးပွဲသို့ ချက်ချင်းတက်လှမ်းခြင်းမပြုရပါသလဲ။
မတရားသင်းအဖြစ် လုံးဝ ပယ်ဖျက်ခြင်းပြုမည်ဟု မရေးသားဘဲ။ “ကင်းလွတ်ခွင့်ပြုခြင်း” ဟု သုံးစွဲရသနည်း။
ကင်းလွတ်ခွင့်ပြုခြင်းဆိုသည်မှာ ယာယီသဘောမျှသာဖြစ်သည်။
တစ်ဦးတစ်ယောက် (သို့မဟုတ်) တစ်ဖွဲ့တစ်သင်း၏ ခွင့်ပြုချက် တစ်စုံတစ်ရာဖြင့် ကာလတစ်ခုခွင့်ပြုထားသည့် သဘောမျှ သာ ဖြစ်သည်။ အဘယ့်ကြောင့် မတရားသင်းအဖြစ်မှ လုံးဝပယ်ဖျက်ပေးနိုင်ခြင်း မရှိရသလဲ။
ထို့အပြင် ယင်းသို့ “ကင်းလွတ်ခွင့်ပြု” ပြီးမှသာ နိုင်ငံရေးအရ ဆွေးနွေးမည်ဟူသည့် သဘောဖြစ်ပါသည်။ တကယ်တော့ ဤသို့ ယာယီသဘော ကင်းလွတ်ခွင့်ပြုခြင်းဆိုသည်ကိုပင် အစိုးရဘက်ကသာ ပြုလုပ်ပေးရမည့်ကိစ္စ ဖြစ်ပါသည်။
တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ “ကင်းလွတ်ခွင့်ပြု”မည်ဟု ဆိုသည်မှာ တကယ် တော့ ကြိုတင် စည်းကမ်းသတ်မှတ်ထားသည့် သဘောဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ၏ “အခြေပြမိန့်ခွန်း” ဆိုသည်တွင်လည်း မည်ကဲ့သို့သော ချည်ပြီးတုတ်ပြီးအချက်တွေ ပါဝင်နေဦးမည်လဲ။
အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးလိုသည်များကို ရှင်းလင်းပွင့်လင်းစွာ ကြေညာသင့်ပါသည်။ ကြိုတင်စည်းကမ်းချက်တွေ မထားရှိသင့်ပါ။ သက်ဆိုင်သူအားလုံးနှင့် တန်းတူရည် ဒီမိုကရေစီနည်းကျ ဆွေးနွေးဖို့သာလိုပါသည်။
“၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲဝင်ရန် တိုက်တွန်းပြောဆိုခြင်း၊ “၂၀၀၈ အခြေခံဥပဒေ” လက်ခံခိုင်းခြင်းတို့သည်လည်း ကြို တင် စည်းကမ်းသတ်မှတ်ချက်များပင် ဖြစ်သည်။ စစ်ရေးအရ ဝိုင်းပတ်၊ ဂွင်သွင်း၊ ချောင်ပိတ်ပြီး၊ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆွေးနွေးခြင်းသည် တည်ကြည်လေး နက်သော ဖြေရှင်းနည်း၊ အဖြေရှာနည်းမဟုတ်ပါ။ ကောက်ကျစ်သောပရိယာယ်သာ ဖြစ်ပါလိမ့်မည်။
သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ တည်ကြည်လေးနက်စွာ အဖြေရှာဖို့လိုပါသည်။
ကိုးကား
- (RCSS/SSA) ဥက္ကဋ္ဌနှင့်အဖွဲ့အား သမ္မတဦးသိန်းစိန်လက်ခံတွေ့ဆုံ - ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ မြန်မာ့အလင်းသတင်းစာ
- ဦးအောင်မင်း၏ ရှင်းလင်းချက်၊ ပြည်သူ့လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (စတုတ္တနေ့) ၂၈ ဇွန် ၂၀၁၃
(ကြေးမုံသတင်းစာ - ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်)