ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲအစည်း ရုံးတွင် ကျင်းပ ပြုလုပ်သော (၅၁)နှစ်မြောက် “(၇) ဇူလိုင်နေ့” အခမ်းအနားတွင် သတင်းစာဆရာကြီး ဦးသာဘန်းမှ ကျောင်းသား သမဂ္ဂစိတ်ဓါတ်မှာ ၅၁ နှစ်ကြာမြှှင့်လာခဲ့ပြီ ဖြစ်သော်လည်း ဆက်လက် ရှင်သန်နေဆဲဟု ဆိုသည်။
သတင်းစာဆရာကြီး ဦးသာဘန်းမှ သူဖြတ်သန်း လာခဲ့ရသော အတွေ့အကြုံများကို ၈၈- မျိုးဆက် ကျောင်းသားများ ရုံးခန်းတည်ရှိရာ ရန်ကုန်မြို့၊ သင်္ဃန်းကွန်းရှိ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းရုံး ပြုလုပ်သော “(၇) ဇူလိုင်နေ့” အခမ်းအနားတွင် ပြောကြားစဉ် ကျောင်းသား သမဂ္ဂ စိတ်ဓါတ် ရှင်သန် နေဆဲ ဖြစ်ကြောင်း ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
“ ဇူလိုင်လ ကိုယ်တွေ့ ကျောင်းသား လှုပ်ရှားမှု သမိုင်းကြောင်းကို ပြောရမယ် ဆိုရင် ဇူလိုင်လ(၈) ရက်နေ့နံနက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့ သမဂ္ဂအဆောက်အအုံဟာ ဗုံးခွဲ ဖြိုချ ဖျက်ဆီး ခံခဲ့ရပါတယ်။ သမဂ္ဂ အဆောက်အအုံ အတွင်းမှာ ရှိနေကြတဲ့ ကျောင်းသားတွေရဲ့ အသက်၊ သွေးပေါင်းများစွာ သမဂ္ဂ အဆောက်အအုံကြီးနဲ့ အတူ စတေးခံခဲ့ကြရပါတယ်။ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းတောင် မပါတဲ့ ကျောင်းသားတွေ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ် ဖြိုခွင်း ခံခဲ့ရပါတယ်။ အဲဒီနောက် ကျောင်းသား အများအပြားလည်း ဖမ်းဆီး ထောင်ချ ခံခဲ့ကြ ရပါတယ်။ အဲဒီ အချိန်မှ စပြီး ကျောင်းသားသမဂ္ဂ ဖြိုချခံခဲ့ရတာဟာ အခုဆိုရင် (၅၁)နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း ကျောင်းသားသမဂ္ဂ စိတ်ဓါတ်ဟာ ခုအချိန်ထိ ဆက်လက် ရှင်သန် နေဆဲဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ထိုသို့ ကျောင်းသား စိတ်ဓါတ်များ ဆက်လက် ရှင်သန်နေသည့် အတွက် ၁၉၈၈ ကျောင်းသား လှုပ်ရှားမှု အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၁၉၉၀ ရွှေးကောက်ပွဲကို စစ်အာဏာရှင်များက မတတ်သာ၍ ပြုလုပ်ပေးခဲ့ကြောင်း၊ NLD ပါတီနှင့် တိုင်ရင်းသားပါတီများ မဲအပြတ် အသတ်ဖြင့် အနိုင် ရခဲ့ကြောင်း၊ သို့သော် စစ်အာဏာရှင်များမှ အာဏာ လက်မလွှတ်ချင်သဖြင့် အကြောင်း အမျိုးမျိုး ငြင်းဆိုနေခဲ့ကြောင်း၊ ၂၀၀၈ နိုင်ငံတော်ဖွဲစည်းပုံ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အများဆန္ဒမပါပဲ ပြုလုပ် ခဲ့ကြောင်း၊ သို့သော်လည်း တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကသာ အနိုင်ရခဲ့ကြောင်း၊ သိုသော်လည်း ၂၀၀၈ ဥပဒေအရ တိုင်းရင်းသား ပြည်နယ်များတွင် မဲ အနိုင်ရ တိုင်းရင်းသားပါတီများ ပြည်နယ်အစိုးရ ဖွဲစည်းခွင့် ပေးမထားကြောင်း၊ ယ္ခုကဲ့သို့ မျိုးဆက်သစ်ကျောင်း သားလူငယ်များ၏ စုစည်းမှုများကို မြင်တွေ့ရ၍ အားရ ကျေနပ်မိကြောင်း အကျယ်တဝင့် ပြောကြား သွားခဲ့သည်။
၎င်းပြင် သူက “ လွတ်လပ်ရေး မရခင်ကာလ ၁၉၃၁ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စတင် ပေါ်ပေါက် လာခဲ့ပါတယ်။ တ.က.သ ရုံးခန်းက အဓိပတိ လမ်းနဲ့ တက္ကသိုလ်ရိပ်သာ လမ်းထောင့် တက္ကသိုလ် ပရဝုဏ် အတွင်းမှာ တည်ရှိခဲ့ပါတယ်။ ထိုသမဂ္ဂကနေ နိုင်ငံ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊ ဗိုလ်လကျ်ာ၊ ဦးကျော်ငြိမ်း၊ သခင်သိန်းဖေမြင့် စသည့် ခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့ပါတယ်” ဟု ဆိုသည်။
“ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ အစိုးရရဲ့ မူဝါဒ လွဲမှားမှုတွေကြောင့် လွတ်လပ်စွာ ဝေဖန်ထောက်ပြ ရေးသား ဖေါ်ထုတ်လာခဲ့တဲ့ သမဂ္ဂရဲ့ အနှစ်သာရဟာ ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ ခုနှစ် စစ်တပ်မှ အာဏာသိမ်းတဲ့ အခါ အားလုံ ပျက်စီးသွားခဲ့ရပါတယ်။ ဒါကြောင့် တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသွားခဲ့သည်။
ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ကိုဂျင်မီကလည်း ”“ကျနော့် နိုင်ငံရေး လုပ်သက် အစိတ်လောက် အတွင်းမှာ ဒါဟာ ပထမဆုံးအကြိမ်နဲ အစည်ကားဆုံး အကြိမ်ပါပဲ။ ဆဲဗင်းဇူလိုင် အခမ်းအနားကို လုပ်ရမယ်။ သမဂ္ဂ စိတ်ဓါတ်ကို မြင့်တင်ရမယ်။ သမဂ္ဂ စိတ်ဓါတ် ဆိုတာက တော်လှန် စိတ်ဓါတ်၊ လွတ်မြောက်ရေး စိတ်ဓါတ်ပါပဲ။ စစ်အာဏာရှင်က ဒီသမဂ္ဂ အဆောက်အဦးကို ဖြိုချင်တာ မဟုတ်ဘူးဗျ၊ သမဂ္ဂ စိတ်ဓါတ်တွေကို ဖြိုချပစ်ချင်တာပါ။ ဒါကြောင့် ဒီသမဂ္ဂ အဆောက် အအုံကြီးကို ဖြိုချပစ်ခဲ့တာ၊ စိတ်ဓါတ်တွေကို နင်းချေပစ်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းသားတွေရဲ့ တော်လှန်စိတ်၊ လွတ်လပ်လိုတဲ့ စိတ်တွေဟာ ဘယ်တော့မှ မသေဘူး။ ဆက်လက် ရှင်နေပါတယ် ဆိုတာ သက်သေပြနေပါပြီ။ သူလည်း ခုလောက်ဆို နောင်တ အကြီးအကျယ် ရနေလောက်ပါပြီ။ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ကျောင်းသားတွေ အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ သမဂ္ဂစိတ်ဓါတ်တွေဟာ ဒီကနေ့ မျိုးဆက်သစ် ကျောင်းသားတွေမှာ ကိန်းအောင်းနေပြီဆိုတာပါပဲ။ သူတို့မှာ လွတ်မြောက်လိုစိတ်၊ မဟုတ်မခံစိတ်၊ တော်လှန်လိုတဲ့ စိတ်ဓါတ်တွေ ကိန်းအောင်းနေပါပြီ။ ကျောင်းသား သမဂ္ဂတွေ တရားဝင် ပေါ်ထွက်ဖို့ လိုပါတယ်။ အဲဒါကို အစိုးရကလဲ ခွင့်ပြု ပေးရပါလိမ့်မယ်” ဟု သမဂ္ဂ စိတ်ဓါတ်နှင့် ပတ်သက်ပြီး နိရာဥ္စရာသို့ ကြားသွားခဲ့သည်။
အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တ.က.သ)မှ သဘောထား ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
၎င်းကြေငြာချက်ထဲတွင် (၁) အမျိုးသား ပြန်လည် သင့်မြတ်ရေး (၂) ရန်ကုန် တက္ကသိုလ် ပြန်လည် ရှင်သန်ရေးနှင့် မိုင်းခွဲဖျက်ဆီခံခဲ့ရသည့် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ပြန်လည် တည်ဆောက်ရေး (၃) တက္ကသိုလ် အက်ဥပဒေနှင့် အမျိုးသား ပညာရေး မူဝါဒ အမြန်ဆုံး အကောင် အထည်ဖေါ်ရေး (၄) တက္ကသိုလ် မြေပေါ်တွင် ကျောင်း သားသမဂ္ဂများ တရားဝင် ရပ်တည်ရေး စသည့် အချက်များ ပါ၀င်သည်။
“(၇) ဇူလိုင်နေ့” အခမ်းအနားကို နေ့လည်(၂)နာရီမှ ညနေ(၃း၃၀) အတိ ကျင်းပ ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။