မော်လမြိုင်မြို့တွင် လေလံရောင်းသည့်ကားများ ဝယ်သူနည်းပါး

မော်လမြိုင်မြို့တွင် လေလံရောင်းသည့်ကားများ ဝယ်သူနည်းပါး
by -
ရိုင်မရော့
မော်လမြိုင်မြို့တွင် အာဏာပိုင်တို့မှ စျေးပြိုင်အိတ်ပိတ်စနစ်ဖြင့် လေလံရောင်းသည့်ကားများကို ဝယ်သူမရှိသလောက် နည်းပါးသည်ဟု ကားပွဲစာအသိုင်းဝိုင်းတို့၏ ပြောပြချက်အရ သိရသည်။ ကားပွဲစားတစ်ဦးပြောတာက “အာဏာပိုင်တွေကနေ ရောင်းတဲ့ကားတွေ၊ ဆိုင်ကယ်တွေဆိုရင်  ...

မော်လမြိုင်မြို့တွင် အာဏာပိုင်တို့မှ စျေးပြိုင်အိတ်ပိတ်စနစ်ဖြင့် လေလံရောင်းသည့်ကားများကို ဝယ်သူမရှိသလောက် နည်းပါးသည်ဟု ကားပွဲစာအသိုင်းဝိုင်းတို့၏ ပြောပြချက်အရ သိရသည်။

ကားပွဲစားတစ်ဦးပြောတာက “အာဏာပိုင်တွေကနေ ရောင်းတဲ့ကားတွေ၊ ဆိုင်ကယ်တွေဆိုရင် ဘယ်သူကမှ မဝယ်ချင်ကျဘူး၊ ဝယ်လည်းမဝယ်ရဲဘူး၊ သူတို့လုပ်ပေးနေတဲ့ လိုင်စင်တွေကိုလည်း မယုံရဲကျဘူး၊ နောက်တစ်ခုက သူတို့ရောင်းတဲ့ ကားတွေရဲ့ အထဲကစက်တွေကလည်း အဟောင်းတွေနဲ့ အကုန်လဲထားလိုက်တယ်၊ ဒါ့ကြောင့် စျေးဆိုရင်လည်း ကွာတယ်” ဟု သူက ပြောသည်။

မော်လမြိုင်မြို့မှ မော်တော်ဆိုင်ကယ် ရောင်းဝယ်သူတစ်ဦး၏ ပြောပြချက်အရ “လေလံ ရောင်းမယ့်ဆိုင်ကယ်တွေ ကားတွေကိုတော့ တိုင်းအားကစားကွင်းမှာ ထားထားတယ်၊ သူတို့ရောင်းမှာက ဒီလ ၂၇၊ ၂၈ ရက်နေ့လို့ကြားထားပါတယ်၊ ကားစျေးရဲ့ အတက်အကျ ကိုတော့ မသိဘူး၊ ဆိုင်ကယ်စျေးကတော့ ကျနေတယ်၊ ယခုလေလံရောင်းမယ့် ဆိုင်ကယ် ကတော့ လိုင်စင်ပါအပြီးဆိုရင် ၁၇ သိန်း၊ ၁၈ သိန်း အဲဒီလောက်ပဲရှိတယ်လို့ ကြားထား ပါတယ်”ဟု သူကပြောသည်။

ယခုလအတွင်း ဆိုင်ကယ်စျေးသည် ကျဆင်းနေပြီး အပြင်တွင် ပွဲစားများ ရောင်းနေသည့် လိုင်စင်ရှိ ဆိုင်ကယ်တစ်စီး၏ စျေးနှုန်းသည် ၂၂ သိန်းနှင့် ၂၃ သိန်းအကြားရှိပြီး လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး၏တန်ဖိုးသည် ၁၂ သိန်းနှင့် ၁၃ သိန်းကြားတွင်သာရှိနေသည်။

“အခုတလော ဆိုင်ကယ်စျေးကျနေတယ်၊ ဆိုင်ကယ် ဝယ်တဲ့လူလဲ မရှိသလောက် နည်းလာနေတယ်၊ ပွဲစားတွေကလည်း အရောင်းအဝယ် အဆင်မပြေဘူး၊ အခု အာဏာပိုင်တွေ လေလံရောင်းမယ့် ကားတွေ ဆိုင်ကယ်တွေက သူတို့တစ်ချိန်က သိမ်းထားတဲ့ ဆိုင်ကယ်တွေ ကားတွေပဲ၊ သူတို့က လိုင်စင်မဲ့ သိမ်းထားတဲ့ဟာကို လိုင်စင်လုပ်ပေးပြီးတော့ ပြန်ရောင်းပေးနေတာ” ဟု ၄င်းဆိုင်ကယ်ရောင်းဝယ်သူက ပြောသည်။  

သို့သော်လည်း (The Voice Weekly) ဂျာနယ်မှာ ဖော်ပြထားတာက ယခု လေလံရောင်း ချမည့် ယာဉ်များမှာ အသုံးမလိုပိုလျှံယာဉ်မျိုးစုံ ၁၈၀ စီးနှင့် မော်တော်ဆိုင်ကယ် ၄၁ စီးဖြစ်ကြောင်းဖော်ပြထားသည်။ ၄င်းတို့ထဲမှ ပစ်ကပ်အမျိုးအစားယာဉ်အစီးရေ ၁၀၅ စီးပါဝင်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလမှာလည်း နေပြည်တော်၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ တောင်ပိုင်းတွင် သိမ်းဆီးရရှိထားသော လိုင်စင်မဲ့ မော်တော်ကားများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဦးဆောင်ပြီး ဒေသခံအပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ လေလံတင်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ရောင်းချမည့် မော်တော်ကားအတွက် တစ်စီးလျှင် စပေါ်ငွေ ကျပ်သိန်း ၂၀ နှင့် မော်တော် ဆိုင်ကယ်အတွက် စပေါ်ငွေ ကျပ်တစ်သိန်း တင်သွင်းရမည်။ ၄င်းလေလံတင်ယာဉ်နှင့် ဆိုင်ကယ်များကို မော်လမြိုင်မြို့ရှိ အမှတ် (၅၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲနှင့် ဘားအံမြို့ရှိ အမှတ် (၆၄၇) စစ်လက်နက်ပစ္စည်း တပ်စုတို့တွင် နံပါတ်အလိုက် ဖွင့်ဖောက်မည်ဖြစ် သည်။

အဆိုပါတင်ဒါအတွက် လျှောက်လွှာတစ်စောင်လျှင် ငါးထောင်ကျပ်ဖြင့် စျေးနှုန်းတင်သွင်း လွှာများကို ယခုလ ၁၇ ရက်နေ့မှ မှ ၂၆ ရက်နေ့ထိ နေပြည်တော်ရှိ ရုံးအမှတ် (၃၂)နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနအမှတ် (၁၁၄)၊ ပြည်ထောင်စု ရိပ်သာလမ်း ရန်ကုန်မြို့အပါအဝင် သက်ဆိုင်ရာရောင်းချမည့် ပြည်နယ်ဦးစီးမှူးရုံး၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မော်လမြိုင်မြို့တို့တွင် ဝယ်ယူနိုင်ကြောင်း တင်သွင်း လွှာများကို အဆိုပါရုံးသို့ ယခုလ ၂၇ ရက်နေ့မှ မတ်လဆန်း ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ တင်သွင်းနိုင်ပြီး နေ့လယ် ၁၂ နာရီတွင် အိပ်ဖွင့် ဖောက်မည်ဖြစ်ကြောင်း အဆိုပါဂျာနယ်တွင် ဖော်ပြထားသည်။