ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွန်ခဲ့သောလေးရက်က အောက်လွှတ်တော်ကအတည်ပြုလိုက်ပြီ ဖြစ်ရာ ယင်းဥပဒေကြမ်းသာ နောက်ဆုံးအတည်ဖြစ်သွားပါက စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင်အားလုံး နုတ်ထွက်ကြမည်ဟု ထိုကောင်စီ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောသည်။
ထိုဥပဒေသည် သတင်းစာဆရာများနှင့် ညှိနှိုင်းကာ ရေးဆွဲထားသည့် ဥပဒေမဟုတ်သဖြင့် ကနဦးတွင် အထက် လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်က ဆက်လက်အတည်မပြုရေးကို တောင်းဆိုမည်ဖြစ်ပြီး မရသည့်အဆုံး ၌ ယင်းကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ကောင်စီအဖွဲ့ဝင်များ နုတ်ထွက်ကြမည်ဟုပြောခြင်း ဖြစ်သည်။
စာနယ်ဇင်းကောင်စီ၏အဖွဲ့ဝင် ဦးသီဟစောက “အခုထွက်ရှိလာတဲ့ ပုံနှိပ်ဥပဒေက မီဒီယာလောကမှာ ချုပ်ခြယ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
သူက “ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေး အာဏာဆန်တဲ့အစိုးရ၊ တရားစီရင်ရေး အဲဒီသုံးခုရဲ့အောက်ကို ရောက်နေရင် မီဒီယာသမားတွေဟာ စတုတ္ထမဏ္ဍိုင်မဟုတ်ဘူး။ လိုချင် တဲ့ သတင်းလွတ်လပ်ခွင့်တွေ၊ နိုင်ငံတော်ကို အကျိုးပြုမယ့် စတုတ္ထမဏ္ဍိုင် ဆိုတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကန့်ကွက်တာပါ” ဟုလည်း ရှင်းပြသည်။
မီဒီယာနှင့်ပတ်သက်သော ဥပဒေကြမ်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးရေးဆွဲသော ဥပဒေကြမ်းနှင့် သတင်းစာဆရာများ ဦးစီးရေးဆွဲသော ဥပဒေကြမ်းနှစ်မျိုးလုံး လွှတ်တော်သို့ တင်ပြထားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ဥပေဒေသည် စတင်၍ လူထုထံချပြစဉ်ကတည်းက သတင်းစာဆရာများ သဘောမတူသည့် အချက်အလက်များပါဝင်နေသဖြင့် ပြန်ကြားရေးဝန်ကြီးနှင့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ သုံးကြိမ်တိုင်ဆွေးနွေးခဲ့သည်။
ထိုစဉ်က ဝန်ကြီးဦးအောင်ကြည်က သတင်းစာဆရာများအနေဖြင့် ဥပဒေမူကြမ်းကို စိတ်ကြိုက်ပြင်နိုင်ကြောင်း၊ စာနယ်ဇင်းသမားများမကြိုက်သည်များကို မထည့်ကြောင်း ဝန်ကြီးကကတိပြုခဲ့သည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
သို့သော် အောက်လွှတ်တော်တွင် အတည်ပြုရန် ဥပဒေကြမ်းတင်ရာတွင်မူ သတင်းစာဆရာများက အဓိကထားပြင်ဆင်ရန်တောင်းဆိုထားသည့်အချက်အများအပြား မပါဝင်ဟုလည်း ဦးကျော်မင်းဆွေက ရှင်းပြသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က “နောက်ဆုံး ပြည်သူ့လွှတ်တော်ရဲ့အဆုံးအဖြတ် ပါပဲ။ပြန်ကြားရေးဝန်ကြီးဌာနကတင်တဲ့အထဲမှာ ပါတဲ့အချက်တွေရှိသလို၊ ဖြုတ်တာတွေလည်းရှိပါတယ်။ စာနယ်ဇင်းကောင်စီ(ယာယီ)က တင်တဲ့အထဲမှာလည်း ပါတဲ့အချက်ရှိသလို ဖြုတ်တာတွေလည်းရှိတယ်။ ဒါက ဥပဒေပြုရေးမှာဖြစ်လေ့ဖြစ်ထရှိသလို ဒီမိုကရေစီသဘောတရားအရ လွှတ်တော်ရဲ့ဥပဒေပြုတဲ့ ထုံးစံပါပဲ” ဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသည့် ပုံနှိပ်နှင့် ထုတ်ဝေရေး ဥပဒေကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းစဉ်က လွှတ်တော်အမတ်များက ၂၄ ချက်ကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း အောက်လွှတ်တော် အမတ်များပြင်ဆင်ထားသည့်အချက်များသည်ပင် သတင်းစာဆရာများ၏ အခွင့်အရေးနှင့် ပြည်သူများ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပိုင်ခွင့်ကို ထိခိုက်နိုင်သည့် အချက်များပါနေဆဲဟု ဝေဖန်မှုများရှိနေသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ပြီး “သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်း” ကို ကမကထပြုလုပ်ကာ ရေးဆွဲခဲ့သည့် အဖွဲ့အစည်းလည်းဖြစ်သည်။
ထိုအဖွဲ့တွင် အငြိမ်းစားတရားသူကြီး ဦးခင်မောင်အေးက ဥက္ကဋ္ဌအဖြစ်ဦးစီးဆောင်ရွက်ပြီး သတင်းစာဆရာများ ပါဝင်သလို ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကဲ့သို့သော လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။