မြေကွက်တချို့က ပြောင်းဖူးတွေစိုက်ထားလို့ ခြံခတ်ထားပါတယ်။ အချို့မြေကွက်ကလူနေအိမ်တွေနဲ့ အချို့ကရုံးတွေဖြစ်တဲ့အတွက် ကိုယ့်အကွက်နဲ့ကို ခြံတွေကိုယ်စီကာထားကြလို့ လူသွားလမ်းလေးဟာ စက်ဘီးတစီးစာဒါမှမဟုတ် ဆိုင်ကယ်တစီး စာလောက်သာ ဖြတ်သွားလို့ရပါတယ်။
ဒီလိုလမ်းကျဉ်းလေးရဲ့နှဘေးမှာ အမေရိကန် တက္ကသိုယ်ကျောင်းသားတွေနဲ့ ကရင်နီ ဆယ်တန်းလွန် ကျောင်းသားတို့က အဖွဲ့လေးတွေဖွဲ့ပြီး ဘဝအတွေ့အကြံုတွေဖလှယ်တဲ့ ကျောင်းခန်းပြင်ဘက်ကသင်ခန်းစာ တခုကို အပြန်အလှန် သင်ယူဖလှယ်နေကြတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံများမှ တက္ကသိုလ် ကျောင်းသားအဖွဲ့တဖွဲ့ဟာ ကရင်နီဆယ်တန်းလွန်ကျောင်းတကျောင်းဖြစ်တဲ့ (KnCC) ကျောင်းမှ ကျောင်းသားတွေနဲ့ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ လာရောက်တွေ့ဆုံပြီး ဗဟုသုတ၊ အတွေ့အကြံုတွေ အပြန်အလှန် ဖလှယ်တဲ့အစီအစဉ်တခု ပြုလုပ်ခဲ့ကြတာပါ။
လူသွားလူလာများတဲ့ လမ်းကျဉ်းလေးနှဘေးမှာ အခုလိုကျောင်းခန်းပြင်ပ လှုပ်ရှားမှုတွေ လုပ်နေတာဟာ သွားလာသူတွေအတွက် တနည်းတဖုံ ကသိကအောင့် ဖြစ်နိုင်သလို ကျောင်းသားတွေအတွက်လဲ အနှောက်အယှက်တွေဖြစ်မှာဘဲလို့ ထိုမြင်ကွင်းကိုမြင်သူတိုင်း ယူဆကြပါလိမ့်မယ်။
ဒီလိုမြင်ကွင်းလေးကိုမြင်လိုက်တော့မှဘဲ ၁၉၉၇ခုနှစ် ထိုင်း-မြန်မာနယ်စပ်တနေရာက ကရင်နီအထက်တန်း ကျောင်းမှာ ပညာသင်ယူဆည်းပူးခဲ့စဉ် ကျောင်းအုပ်ဆရာ သြဂုတ်စတီးနို ပြောခဲ့ဖူးတဲ့ စကားတခွန်းကို တမ်းသတိရမိတယ်။
ခြင်ဖြုတ်တွေပေါပြီး တောဂျိုတောင်ကြားထဲမှာဖွင့်ထားတဲ့ အထက်တန်းကျောင်းမှာ ကျောင်းတက်ရတဲ့ ကျနော်တို့ကို ဆရာသြဂုတ်စတီးနိုက … "ဒီလိုတောထဲမှာ ကျောင်းတက်နေရလို့ အားမငယ်နဲ့ငါတို့ဟာခြံု ကြားကနေ ကမ္ဘာကိုခြောင်းကြည့်ရမှာ…" ဒီစကားနဲ့ ဖြေသိမ့်ခဲ့ပါတယ်။
ယခုဆို ၂၀၁၃ ခုနှစ်အခြေအနေ ရောက်နေပါပြီ။ နိုင်ငံရေးအခြေအနေကို လမ်းကြည့်လိုက်ရင်ဖြင့်… အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေအခုဆို မြန်မာနိုင်ငံရဲ့ လွတ်တော်ထဲမှာ အမတ်တဦးအနေဖြင့် ရှိနေပြီး နှစ်ပေါင်း ၆၀ကျော် စစ်အစိုးရအဆက်ဆက်ကို တော်လှန်တိုက်ခိုက်လာခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရးပါတီ - KNPP ဟာလည်း ယနေ့စစ်အစိုးရမှ အရပ်သားအစိုးရအဖြစ် ပြောင်းလဲလိုက်တဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပြုလုပ်ထားတဲ့ အခြေအနေသို့ ရောက်နေတဲ့အချိန်လဲဖြစ်နေပြီ။
ဒါပေမဲ့ ဒီပြောင်းအလဲတွေက နိုင်ငံရေး စားပွဲဝိုင်းတွေလောက်မှာသာ နှုတ်နဲ့ပြော ဆိုဆွေးနွေးနေကြတဲ့ အနေအထားမှာသာ ရှိနေသေးတယ်ဆိုတာကို ကရင်နီတိုင်းရင်းသားတွေရဲ့ ပညာရေးအခြေအနေကို ကြည့်ခြင်း အားဖြင့် ပေါ်လွင်နေမှာပါ။
လမ်းကျဉ်းလေးနှဘေးမှာ ကရင်နီကျောင်း သားလေးတွေ အမေရိကန်လို နိုင်ငံကြီးသားတွေဖြစ် တဲ့ ကျောင်းသားတွေနဲ့ ဘဝအတွေ့အကြံုတွေ ဖလှယ်တဲ့လုပ်ရှားမှုလေးကို အမှန်တကယ်တော့ အပြောင်းအလဲတွေရှိနေပြီဆိုတဲ့ ကိုယ့်တိုင်း၊ ကိုယ့်ပြည်မှာ လွတ်လွတ်လပ်လပ်၊ သိက္ခာရှိရှိနဲ့ ဖြစ်သင့်ရှိသင့်နေပါပြီ။ ဒါပေမဲ့လက်ရှိအမှန်တကယ်ရှိနေ၊ ဖြစ်နေတဲ့ နယ်စပ်က ကရင်နီ ပညာရေးအခြေအနေက လွန်ခဲ့တဲ့ ၁၆နှစ်က ကျနော်တို့ ပညာသင်ယူဆည်းပူးခဲ့တဲ့ အခြေအနေတိုင်းဘဲ ရှိနေပါသေးတယ်။
“ကျနော် (ထိုင်းနဲ့အမေရိကန်) ကျောင်းသားတွေ ဒီကို ခေါ်လာရခြင်းက သူတို့ကို အတွေ့အကြုံတွေ ရစေချင်တဲ့အပြင် ဒီမှာရှိတဲ့ လူ (ကရင်နီကျောင်းသား) တွေရဲ့ အကြောင်းကို ပိုမို နားလည်လာနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်” လို့ ကျောင်းသားတွေကို ဦးဆောင်ခေါ်လာခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် Payap Christian Zone တာဝန်ခံ ရောဘတ် ရေဂန်က ပြောပါတယ်။
တိုင်းရင်းသားလူနည်းစုဖြစ်တဲ့ ကရင်နီကျောင်းသားတွေအနေနဲ့ နိုင်ငံကြီးသား တို့ရဲ့ အတွေးအခေါ် နဲ့ ယဉ်ကျေးမှု တို့ကို ပိုမို နားလည် သဘောက်ပေါက်ဖို့ လိုအပ်တဲ့အတွက် ဒီလိုအစီအစဉ်လေးတွေကို အခက်အခဲကြားက ဖန်တီးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့အနေနဲ့ကတော့ နိုင်ငံကြီးတွေရဲ့ culture တွေ မက အာရှက တိုးတက်တဲ့နိုင်ငံက ကျောင်းသားတွေ လည်း ပါလာတယ်ဆိုတော့ သူတို့ရဲ့ ယဉ်ကျေးမှု ဘယ်လိုရှိလဲ၊ နောက်ပြီးတော့ ဘယ်လိုနေထိုင် စားသောက်ကြလဲ၊ အတွေးခေါ်တွေ ဘယ်လိုရှိလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ (ကရင်နီကျောင်းသား) တွေ ရသွားလိမ့်မယ် လို့ မျှော်လင့်ပါတယ်” လို့ KnCC မှ တာဝန်ခံ ဆရာမ မော်မီမာ က ပြောပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသက ကရင်နီ ဒုက္ခသည်ကျောင်းသားလေးတွေဟာ မိမိတို့ ဘဝပေး ကြံမ္မာတွေကြောင့် ထိုက်သင့်တဲ့ ပညာရေး အခွင့်အရေးတွေကို မရပဲ မိမိတို့ ဘဝကို စခန်းအတွင်းမှာပဲ ဒုက္ခသံသရာ လည်နေကြရတာပါ။
“ကျမနားလည်လာတာက ကျမတို့ ဘယ်နေရာပဲရောက်ရောက် လူတွေက အတူတူပါပဲ။ မတူညီတဲ့ နောက်ခံ သမိုင်းတွေ၊ အစားအသောက်တွေ နဲ့ သွားလာနေထိုင်ပုံတွေ ကွာခြားနေပေမယ့် မိတ်ဆွေဖွဲ့လို့ရတယ် ဆိုတာတွေပေါ့နော်။ ပြောချင်တာက ကျမတို့ အားလုံးက အတူတူပါပဲ”
နှောက်ခံသမိုင်းတွေ မတူကွဲပြားတဲ့ ကျောင်းသားနှစ်စုရဲ့ ၃ရက်တာ တွေ့ဆုံပြီး ဘာတွေ လေ့လာရသလဲ ဆိုတဲ့ မေးခွန်းအပေါ် အလုပ်သင်(Intern)အဖြစ် လာရောက်ပါ၀င်ခဲ့တဲ့ အမေရိကန် တက္ကသိုလ်ကျောင်းပြီးစ ကျောင်းသူ Renee Rhodez က ပြောပြသွားတာပါ။
Renee Rhodez ရဲ့စကားဟာ ကျနော်တို့အတွက်ကျေနပ်စရာပါ။ မတူညီတဲ့ သမိုင်းနှောက်ခံတွေ ကိုယ်စီရှိကြပေမဲ့ ကျနော်တို့အားလုံးဟာ အခွင့်အရေးတန်းတူ ရှိကြတယ်ဆိုတာကို ကျနော်တို့မှာလဲ ဒီအတိုင်းပဲ လက်ခံထားကြတာပါဘဲ။
ဒါပေမဲ့ကွာနေတာက ကျနော်တို့ရဲ့အခြေအနေဟာ သူများခွင့်ပြုမှ ခံစားခွင့်ရှိတယ် ဆိုတဲ့ အခြေအနေလေးက ကျနော်တို့မှာ ရှိနေသေးတယ် ဆိုတာကိုပါ။
"ကျနော်တို့သမ္မတကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ချုပ်များ ပြည်ထောင်စုအစိုးရ ဝန်ကြီးများ တွေ့ဆုံတဲ့ အခါမှာ ကယားပြည်နယ်အတွက် ဆရာအတတ် သင်ကျောင်း တကျောင်း ဖွင့်လှစ်ပေးဖို့ အတွက် ခွင့်ပြုခဲ့ပါတယ်"
ဇွန်လ ၂၉ ရက်နေ့က ဒီးမော့ဆိုမြို့ အ.ထ.က ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲ အခမ်းအနားမှာ ကယားပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးပြော ကြားခဲ့တာပါ။ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ပြည်နယ်မှာ အစိုးရက ခွင့်မပြုရင် ဘာအခွင့်အရေးမှ မရပါဘူး။
နိုင်ငံနှစ်နိုင်ငံရဲ့အကြားမှာ မည်သည့်နိုင်ငံကမှ အသိအမှတ်ပြုမှု မရှိတဲ့အနေအထား အောက်မှာ ကရင်နီကျောင်းသား တွေရဲ့ အနာဂါတ်ပညာရေးအခြေအနေက ဘယ်လို ဆက်သွားဦးမလဲဆိုတာကို ကြိုတင်ဟောကိန်းထုတ်လို့ မရသေးတဲ့ အခြေအနေပါ။ ဒါပေမဲ့ဒီအခြေအနေဟာ နယ်စပ်မှာ ရောက်နေတဲ့ ကရင်နီကျောင်းသားလေးတွေအတွက်တော့ သူတို့ရပ်ရွာတွေမှာထက်စာရင် အများကြီး သက်သာနေပါသေးတယ်ဆိုတာကို ပြသနေတဲ့ အခြေအနေတခုကတော့ ဒီလိုနယ်စပ်ဒေသမှာ ကျောင်းသားတွေ ပညာလာရောက် ဆူးပူးသင်ယူနေကြဆဲ ဆိုတာပါဘဲ။
အခုလို Renee Rhodez တို့လို နိုင်ငံခြားကျောင်းသားတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးဟာ ကျနော်တို့ဒေသမှာ ရွှေလိုရှားပါးလှတဲ့ အခွင့်အရေးတခုပါ။ ဒီလိုအခွင့်အရေးမျိုးကို ကျနော်တို့ရပ်ရွာ၊ ဒေသမှာရှိလာဖို့ဆိုတာ မသေချာမရေရာသေးပေမဲ့ နောက်တခါ အခွင့်ရေးရရင်တော့ ကျနော်တို့ အရပ်ဒေသမှာဘဲ ပြန်လှည်ဆုံဆည်း ချင်ပါတယ်။ ကျနော်တို့ခေတ်မှာ မဖြစ်ရင်တောင်မှ ကျနော်တို့ ညီငယ်လေးတွေရဲ့ ခေတ်မှာဖြစ်လာနိုင်ပါစေ…။ နယ်စပ်ဒေသမှာ အခက်အခဲအမျိုးမျိုးကြားက ပညာသင်ယူဆည်းပူးနေကြရတဲ့ ကရင်နီကျောင်းသားတိုင်းလည်း ဒီလို ဆန္ဒရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။