ကချင်မြေ၌ တိုက်ခိုက်မှုများ ငြိမ်သက်လာ KIO ပြော

ကချင်မြေ၌ တိုက်ခိုက်မှုများ ငြိမ်သက်လာ KIO ပြော
by -
ရွှေဟင်္သာ

ကချင် နယ်မြေတွင် တိုက်ပွဲများ၊ စစ်ဆင် ရေးများ ငြိမ်သက် လာနေသဖြင့်   မြစ်ကြီးနား တွေ့ဆုံ ပွဲ၏ တိုးတက် ဖြစ်ထွန်းမှု ရလာဒ် အဖြစ် ရှုမြင် နေကြကြောင်း၊ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။

(Technical Team) ဖွဲ့ရန် မြစ်ကြီးနားသို့ ရောက်ရှိလာသော KIA ကိုယ်စားလှယ် အဖွဲ့ (Technical Team) ဖွဲ့ရန် မြစ်ကြီးနားသို့ ရောက်ရှိလာသော KIA ကိုယ်စားလှယ် အဖွဲ့ (ဓါတ်ပုံ - KIA)

“မြစ်ကြီးနား တွေ့ဆုံပွဲ လုပ်ပြီး နောက်ပိုင်းမှာ ကချင် ပြည်နယ် ထဲမှာ တိုက်ပွဲတွေ ဆက်မဖြစ် တော့ဘူး။ ခြံုပြီး ပြောရမယ် ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ တပ်မဟာ (၅) ခု စလုံးမှာ တိုက်ပွဲတွေ မရှိတော့ဘူး” ဟု ဆိုပါသည်။

ဤကဲ့သို့ ကချင် နယ်မြေတွင် ဖြစ်ပွားမှု မရှိခဲ့သော်လည်း ရှမ်းပြည် မြောက်ပိုင်း၌ ရှိသော တပ်မဟာ (၄) နယ်မြေတွင် ဇွန်လ ကုန်ပိုင်း အထိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွား ခဲ့ပါသည်။ ဤအခြေ အနေသည်လည်း KIO ၏ လုပ်ငန်းပိုင်း ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်း ပြီးသည့်နောက် ပြန်လည် ငြိမ်သက်သွားသည်ဟု ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုခဲ့ပါသည်။

ရှမ်းမြောက် ဒေသ တိုက်ပွဲ များသည် ကချင် လွတ်လပ်ရေး တပ်မတော်ကို အဓိက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း မဟုတ်ပဲ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဦး (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့ကို ထိုးစစ် ဆင်ရာမှ ထိတွေ့မှု ဖြစ်ခဲ့ ကြခြင်းသာ ဖြစ်ကြောင်း KIO ဖက်မှ ယူဆထားပါသည်။

KIA တပ်မဟာ (၄) ဧရိယာသည် KIA နှင့် TNLA ၊ SSPP တို့ ပူးပေါင်း လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်။ အစိုးရသည် KIA နှင့် စစ်ပြေ ငြိမ်းလိုပါက TNLA ၊ SSPP တို့အား စစ်ဆင် နေခြင်းမှ ရပ်တန့် ပေးရန် ဖြစ်လာ ခဲ့ဖွယ် ရှိပါသည်။

ဤသို့ကြောင့် ယခုလောလောဆယ်၌ TNLA ဒေသ အပါအဝင်၊ ရှမ်းမြောက်ဒေသများ၌ တိုက်ပွဲများ ငြိမ်သက်နေကာ ကချင် တပ်မဟာ (၄) သည်လည်း ဇွန်လ တတိယ ပတ်မှ စ၍ ယနေ့အထိ တိုက်ခိုက်မှုများ ငြိမ်သက် သွားခဲ့ပါသည်။

KIA နှင့် အစိုးရတို့သည် နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရန် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြရန် ပြီးခဲ့သည့် မေလ အကုန် ပိုင်းတွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးပြီး သဘော တူညီခဲ့ပါသည်။

ထိုရရှိထားသည့် သဘောတူညီချက် အတိုင်း နှစ်ဖက် တပ်ဖွဲ့များမှ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်တို့က ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားမှု များစွာ လျော့ကျ လာခဲ့ခြင်း ဖြစ်သည်ဟု KIO မှ ယူဆခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထို့အပြင်  ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော  KIO အဖွဲ့မှ သဘောထား ထုတ်ပြန်ချက် အပေါ် အစိုးရ ဖက်မှ အပြုသဘောဆောင်သည့် ထုတ်ပြန်ချက် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ( MPC) က လက်ခံ ထားသဖြင့်လည်း တိုက်ပွဲများ လျှော့ကျ သွားခြင်း ဖြစ်နိုင်ဖွယ် ရှိပေသည်။  

KIO သည် အစိုးရနှင့် (၁၅) ကြိမ်ခန့် တွေ့ဆုံဆွေးနွေးပြီးမှ တိုက်ခိုက်မှုများ လျှော့ချရန် ညှိနှိုင်းနိုင် ခဲ့ပါသည်။ KIO သည် အပစ်အခတ် ရပ်စဲ ရေးထက် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်းရန် အဓိက ဖြစ်ကြောင်း တင်ပြ နေခဲ့ ပါသည်။ အစိုးရသည် အပစ်အခတ် ရပ်စဲ ပြီးမှ နိုင်ငံရေးအရ ဆွေးနွေး သွားရန် တောင်းဆို နေခဲ့ ပါသည်။

ဤသည် အစိုးရဖက်မှ ဂတိမတည်ခဲ့သော (၁၉၉၄) ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက်ကြောင့် KIO မှ တောင်းဆို နေရခြင်း ဖြစ်ပါသည်။ အစိုးရသည် အပစ်အခတ် ရပ်စဲ ပြီးနောက် KIO အား နယ်ခြားစောင့် တပ်ဖွဲ့ရန် ဖိအားပေးရာက KIO လက်မခံသဖြင့် (၂၀၁၁) ခုနှစ် ဇွန်လတွင် စစ်ဆင် တိုက်ခိုက်ရာမှ နှစ်နှစ်နီးပါး ပြန်လည် တိုက်ခိုက် ခဲ့ပါသည်။

Most read this week