မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ အနာဂတ်အရေးနှင့် ပတ်သက်၍လွှတ်တော်တွင် မေးမြန်းမှုကို လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်မှာ ပြည့်စုံလုံလောက်မှု မရှိကြောင်း မေးခွန်းရှင် ဒေါ်ဒွဲဘူ က မဇ္စျိမကို ပြောသည်။
ဒေသခံများ နေရာသစ်မြေမှာ အောက်ခံ ကျောက်မြေဖြစ်၍ စိုက်ပျိုးရန် အခက်အခဲရှိနေရာ ၎င်းတို့ အနာဂတ် အရေး မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို မေးမြန်းရာတွင် “ကျမ မေးတာ သူ အကုန် ဖြေမသွားပါဘူး။ စာချုပ် အကြောင်း မေးတာလည်း ရွှေ့ပြောင်းတဲ့ကိစ္စပဲ ဖြေသွားတယ်” ဟု အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။
၎င်း၏ မေးမြန်းချက်များကို ဒု-ဝန်ကြီး ဦးမြင့်ဇော် က ပြန်လည်ဖြေကြားရာတွင် “သန်းပေါင်း တသောင်းခြောက်ထောင်ကျော် အကုန်ခံပြီး ရွာ ၅ ရွာကို ပြောင်းပေးခဲ့ကြောင်းနှင့် ပြည်နယ် အစိုးရနှင့် ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို ဒု-ဝန်ကြီးက ပြောဆိုသွားခြင်း မရှိပေ။
လက်ရှိ ဘဝ အာမခံချက် ကင်းမဲ့နေသည့် ဒေသခံများ အနာဂတ်အရေး အမြန်ဆုံး ဆောင်ရွက်မပေးပါက လွှတ်တော်တွင် ဆက်လက်တိုက်တွန်းသွားမည်ဟုလည်း ဒေါ်ဒွဲဘူက ဆိုသည်။
ရှင်သန်ရပ်တည်ရေးအတွက် နေရာသစ်တွင် ရုန်းကန်နေရပုံနှင့်ပတ်သက်၍ ဒေသခံတဦးဖြစ်သည့် ဦးဆိုင်းတူ က “သူတို့ ပေးတဲ့ရွာက ကျောက်ဆောင်ကျောက်ခဲတွေ ခံနေတယ်။ မြေကြီး မကောင်းတော့ စိုက်ရတာ အဆင်မပြေဘူး။ ကျန်းမာရေးနဲ့ တခြားစရိတ်အတွက်က တောထွက်ပြီး ကြိမ်ခုတ်တာတို့၊ ဟင်းသီးဟင်းရွက် ရှာတာတို့ လုပ်ရတယ်” ဟု မဇ္စျိမကို ပြောသည်။
ရပ်ဆိုင်းထားသော မြစ်ဆုံဆည် တည်ဆောက်မှုမှာ လက်ရှိ အစိုးရ သက်တမ်းအတွင်းသာ ဖြစ်၍နောက်လာမည့် အစိုးရအဆက်ဆက်တွင်လည်း အဆိုပါစီမံကိန်းအား အပြီးတိုင် ရပ်ဆိုင်းပေးရန် စီမံကိန်း လုပ်ဆောင်သည့် တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုမြအေး ဦးဆောင်သည့် အဖွဲ့က ဇွန်လ ၆ ရက်တွင် တောင်းဆိုခဲ့သည်။
ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာန၊ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲ တည်ဆောက်ခဲ့ရာ မြန်မာပြည်သူများ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် သမ္မတ က ရပ်ဆိုင်းစေခဲ့ရသည်။