မြန်မာ့ငြိမ်းချမ်းရေးအတွက် မိုးရေစက်များ

မြန်မာ့ငြိမ်းချမ်းရေးအတွက် မိုးရေစက်များ
by -
နေလင်းထိုက်

မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်၌ အလွန်ကြီးကျယ်သော အခန်းအနားတခုကို  လာမည့်လတွင် မြန်မာ အစိုးရက စည်ကားသိုက်မြိုက်စွာ ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။

မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်၌ အလွန်ကြီးကျယ်သော အခန်းအနားတခုကို  လာမည့်လတွင် မြန်မာ အစိုးရက စည်ကားသိုက်မြိုက်စွာ ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲနိုင်ပြီဖြစ်ကြောင်းကိုလည်း တက်ရောက်လာကြမည့် ကုလသမဂ္ဂကိုယ် စားလှယ်တော်ကြီးများနှင့် နိုင်ငံခြားတိုင်းပြည်များမှ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော် ကြီးများကို ကြေငြာပါလိမ့် မည်။ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့မှ ၁၀ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားပြီးဖြစ်ကြောင်းကိုလည်း မီးမှောင်းထိုးပြကြလိမ့်မည်။

 ထင်ရှားသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ကေ အိုင်အေ)သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအဆင့်သို့ မရောက်ရှိသေးပေ။ မကြာသေးခင်က အစိုးရနှင့် ကေအိုင်အေ ကိုယ်စားလှယ်တို့ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးဆွေး နွေးပွဲကို မေလ ၂၈ ရက်မှ ၃၀ရက်နေ့အထိ ကျင်းပဆွေးနွေးခဲ့ကြသော်လည်း အစိုးရအရာရှိတွေမျှော်လင့်ထား သလို ဖြစ်မလာခဲ့ပါ။ နှစ်ဘက်စလုံးက ယေဘုယျအချက် ရချက်ကိုသာ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ပြီး စစ်အရှိန်လျှော့ဖို့နဲ့ နောက် ထပ် နိုင်ငံရေးစကားပြောပွဲတွေဆက်လက်လုပ်ဆောင်ကြဖို့ လောက်ကိုသာ အတည်ပြုနိုင်ခဲ့ကြပါသည်။ သို့ရာတွင် နောက်ထပ် ဆွေးနွေးပွဲတွေ ဘယ်အချိန်လုပ်ကြမည်ဆိုသည်ကို တိတိကျကျ မပြောဆိုနိုင်ခဲ့ကြပါ။

မည်သို့ပင်ဆိုစေကာမူ “ငြိမ်းချမ်းရေးဆွေးနွေးပွဲများ” ဆက်လက်ပြုလုပ်နေပါသည်ဟု ကျေညာပြီး အစိုးရက တော့ အစွံထုတ်နေပါသည်။ သို့ရာတွင် ယင်းအစွံထုတ်မှုသည် ဆယ်စုနှစ်ပေါင်းများစွာရှည်ကြာစွာ ဖြစ်ပွားခဲ့ သည့် ပြည်တွင်းစစ်အား အမှန်တကယ် အဆုံးသတ်နိုင်ပါမည်လား၊ ကေအိုင်အေသည် အဆိုပါ တိုင်းရင်းသား စုံညီ အစည်း အဝေးပွဲကြီးတွင် အမှန်တကယ် ဖျက်လိုဖျက်ဆီးလုပ်နေသူ ဖြစ်နေသလားဟူ၍မေးခွန်းထုတ်စရာ များ ဖြစ်လာ သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုပြီး တဖွဖွပြောနေပေမယ့်လည်း နောက်ကွယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေက အမျိုးမျိုးဖြစ်နေပြီး အရေးကြီးသည့် အခြေခံကျတဲ့ ပြဿနာတွေ အများကြီး ရှိနေပါသေးသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင်မှတ်ပုံတင်ထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများက စစ်တပ်ကြီးစိုးနေသည့် ဗဟိုချုပ်ကိုင်မှု နိုင်ငံရေးတည်ဆောက်မှုပုံစံကို စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် အစားထိုးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြဆဲ ဖြစ်သည်။

မြစ်ကြီးနားမြို့နေ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံ လှုပ်ရှားတက်ကြွသူများကလည်း ထိုသဘောအ တိုင်းပင်ဖြစ်ကြောင်း အင်တာဗျူးတွင် ၎င်းတို့၏ဆန္ဒကို ပြောပြခဲ့သည်။ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက် မှတ်ထိုးထားသည့် အဖွဲ့များရော လက်မှတ်ထိုးမထားသေးသည့်အဖွဲ့များ အပါအဝင် အဖွဲ့အစည်းပေါင်း တစ်ဒါဇင် ကျော်က ဖက်ဒရယ်စနစ်ကို လိုလားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)ကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွင် ကေအိုင်အေသည် ရှမ်း၊ ကရင်၊ ကရင်နီ၊ ပအို၀်းနှင့် ချင်း တိုင်းရင်းသားများ အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများဖြင့် အတူလက်တွဲကာ ဆောင်ရွက်နေသည်။ ၂၀၁၂ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၃ခုနှစ် ဇန်နဝါရီလတို့တွင် ရှမ်းတိုင်းရင်းသားများ၏ အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ် သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က “စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု” စနစ်ကို ဖော်ဆောင်ပေးရန် ထပ်တလဲလဲ တောင်းဆိုခဲ့ပါသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်များတွင် ပါ၀င်သည့်အချက်များမှာ အသစ်အဆန်းမဟုတ်ပေ။ ၁၉၈၀ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၉၀ခု ဆယ်စု နှစ်ကာလများတွင်လည်း ဗဟိုအစိုးရနှင့် နှစ်ဒါဇင်ခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ်အခတ်ရပ် စဲရေး အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။ လက်ရှိ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသည် ၎င်း သဘောတူညီချက်များကို ထပ်မံ အတည်ပြုခဲ့ပြီးသည့်အပြင် အရေးကြီးသောအချက်နှစ်ချက် ကိုလည်း ဆောင်ရွက် နိုင်ခဲ့သည်။ ၎င်းအရေးကြီးအချက်များမှာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင်ရှမ်းပြည်တပ်မ တော်(တောင်ပိုင်း)၊ ၂၀၁၂ခု နှစ် ဇန်နဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံးတို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့သည့် အချက်များဖြစ်သည်။ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နှင့်လည်း ၁၉၉၄ခုနှစ် က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြ သော်လည်း ၂၀၁၁ခုနှစ်၊ ဇွန်လတွင် အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် ပျက်ပြယ်ကာ အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးစားလုပ်ဆောင်နေပါသည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပေမယ့်လည်း အမှန်တကယ် တိုးတက်မှုမှာ အနည်းငယ်သာ ရှိသည်။ ရှမ်း ပြည်တပ်မတော်(မြောက်ပိုင်း)နှင့် ၁၉၈၉ခုနှစ်က အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရခဲ့သည့်တိုင် လက်ရှိအချိန်တွင် အစိုးရတပ်များ၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံနေကြရသည်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့သည် မကြာ သေးခင်က ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ အထောက်ပံ့မှုများ ရရှိနေခဲ့သည်။ အကယ်၍ ကေအိုင်အေ အဖွဲ့ကို တိုက်ခိုက်ပြီးပါက သို့မဟုတ် အတင်းအဓမ္မလက်နက်ချခိုင်းပြီး ပါက အစိုးရတပ်၏ အကြီးမားဆုံးပစ်မှတ်အ ဖြစ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဖြစ်လာမည်ကို ၀ တပ်ဖွဲ့က စိုးရိမ်နေသည်။

 ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)ကဲ့သို့ပင် ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်သည်လည်း ၁၉၈၉ခု နှစ်ကပင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။ သို့သော် လည်း ၀ တပ်ဖွဲ့ကမူ လက်နက်ချရန် ငြင်းဆန်ခဲ့သည်။ ထို့အပြင် သီးသန့် ၀ ပြည်နယ် ထူထောင်ရေးကိုလည်း တောင်းဆိုထားသည်။ (ယခုအချိန်ထိ ရှမ်းပြည်နယ်တွင် ပါ၀င်နေသေးလျက်ရှိသည်။) ၀ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်သည် တပ်ဖွဲ့ဝင်အင်အား နှစ်သောင်းမှ သုံးသောင်းကြားခန့်ရှိပြီး တရုတ်က ထောက်ပံ့ထားသည့် ခေတ် မီလက်နက်များ တပ်ဆင်ထားသည်ဟု ဂျိမ်းစ်စာစောင်က ဆိုထားသည်။ ဂျိမ်းစ်စာစောင်၏ အဆိုအရ ၀တပ်ဖွဲ့တွင် လေကြောင်းရန်ကာကွယ်ရေး၊ အမြောက်နှင့် သံချပ်ကာ ကားများအပြင် ရဟတ်ယာဉ် အသေးစားများလည်း ရှိနေ သည်။

၀ လက်နက်ကိုင်တပ်ဖွဲ့၏ အလံစိုက်ထူထားတဲ့ သံချပ်ကာကားများ၏ ရုပ်ပုံများကို အေးရှာတိုင်မ်း အပါအ ၀င် အင်တာနက်အွန်လိုင်းမီဒီယာတွင် ဖော်ပြလာခဲ့ကြသည်။ ရဟတ်ယာဉ်နှစ်စင်းသည် ပန်ဝိုင်နားရှိ ၀ တောင်ကုန်း နေရာတခုတွင် ရပ်ထားကြောင်းကို သတင်းတွင် ဖော်ပြထားကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အနေအထား က ရှင်းလင်းလှသည်။ မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှု ကျဆင်းနေပြီး အနောက်နိုင်ငံများနှင့် ယှဉ်ပြိုင်၍ ၎င်း၏ သြဇာချိန်ခွင်ညှာကို ညှိချင်နေသည်။

ထို့အပြင် အမေရိကန်နှင့် အခြားဥရောပနိုင်ငံများ မဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံအ ပေါ် တစ်စုံတစ်ရာ ၎င်း၏ သြဇာသက်ရောက်နိုင်ကြောင်း ဗွင်းဗွင်းကြီး ပြချင်နေသည်။ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ် သက်၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လက်ရှိ ပါ၀င်နေသော အနောက်နိုင်ငံများ၏ အားထုတ်မှုထက် တရုတ်နိုင်ငံ ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးလှသည်။

မလိုက်လျောနိုင်တဲ့ အနေအထား
အခက်အခဲများစွာ ရှိနေတဲ့ကြားက အစိုးရရဲ့ အနေအထားကလည်း လုံးဝ မလိုက်လျောနိုင်သေးတဲ့ အခြေ အနေမှာပဲ ရှိနေပါသေးသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး ၂၀၁၀ခုနှစ် ရွေးကောက်ပွဲရလဒ်ဖြစ် သော အရပ်သားတပိုင်း အစိုးရတရပ်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများကို ခန့်ထားသော ၀န်ကြီးများအဖွဲ့တို့ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက လက်ခံလာစေရန် အစိုးရကလည်း တောင်းဆိုနေသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေ သည် ဖက်ဒရယ်ပုံစံလက္ခဏာ မတွေ့ရသည့်အပြင် စစ်တပ်ကိုသာ အာဏာအလွန်အကျွံ ပေးထားပြီး အကယ်၍ သမ္မတက တောင်းဆိုလာပါလျှင် စစ်တပ်က အာဏာသိမ်းပိုင်ခွင့်ကိုပါ အပ်နှင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပင် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကောင်းမွန်သော နိုင်ငံရေးပါတီများအဖြစ် အသွင် ပြောင်းရပ်တည်ကြရန်၊ ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင် အရွေးခံရန်နှင့် အကယ်၍ အရွေးချယ်ခံရပါက လွှတ်တော် ထဲတွင် ၎င်းတို့၏ စိုးရိမ်ချက်များ၊ အကြံပြုချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရရဲ့ကိုယ်စားလှယ်တွေက တိုင်း ရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ပြောဆိုခဲ့သည်။ “တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် သေနတ်မ ကိုင်ဘဲ ဥပဒေဘောင်အတွင်း ပြန်လာရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက သဘော တူလက်မှတ်ရေးထိုးကြဖို့” လိုတယ်ဟု ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ၀ါရှင်တန်ပို့စ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်က ပြတ်ပြတ်သားသား ပြောကြားထားခဲ့ဖူးပါသည်။

အကယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပါလီမန်အမတ်များ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းလဲရေးကို ဖိအားပေး လုပ်ဆောင်လာခဲ့သော် အင်အားကြီးစစ်တပ်၏ သဘောတူညီမှုမရခဲ့ပါက ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် အဆင့်များမှာ ရှုတ်ထွေးလှသည်။ စစ်တပ်မှ မထောက်ခံပါက နိုင်ငံရေး တိုးတက်မှုများလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ “တပ်မတော်သည် နိုင်ငံတော်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်ပါ၀င်ရ မည်”ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်၏ အခန်း (၁)တွင် ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသည်။ ပါလီမန်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅% အလို အလျောက် ပါ၀င်ခွင့်ရရန်လည်း အဆိုပါ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း (၁၂) တွင်လည်း အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ရှုတ်ထွေး သော စည်းမျဉ်းများဖြင့် ရေးဆွဲပြဌာန်းထားသည်။ လက်ရှိဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တချက်လွတ်အ မိန့်ဖြင့် ကန့်ကွက်နိုင်သော ဗီတိုအာဏာ (Veto power)ကို စစ်တပ်အားပေးထားသည်။ အခြေခံဥပဒေပါ အချက် များထဲမှ အသေးစားပြင်ဆင်မှုကို လွှတ်တော်အမတ်ဦးရေ ၂၀ ရာခိုင်နှုန်းက ပြင်ဆင်ရန် အဆိုတင်သွင်း (submit the bill) လာလျှင် ပြည်ထောင်စု ပါလီမန်လွှတ်တော်က လက်ခံဆွေးနွေး မည်ဟု ယူဆရသည်။ သို့သော်လည်း အခြေခံမူ ၁၀၄ချက်ထဲပါသည့် အချက်များကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ရာခိုင်နှုန်းက ထောက် ခံအဆိုပြုရမည်ဖြစ်ပြီးပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲရရှိမှသာ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိမည်  ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ပါလီမန်များ ရှိကြသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် လှည့်ကွက်များရှိနေသည်။ သို့သော်လည်း သုံးပုံတပုံသော အမတ်နေရာများ သည် စစ်တပ်အတွက် အဆင်သင့် သတ်မှတ်ထားပြီးဖြစ်သည့်အပြင် ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ  ဥပဒေပြုရေးကဏ္ဍ တွင် အထူးသဖြင့် ပုဒ်မ ၁၈၃မှာ အလွန်ပင် စိတ်ဝင်စားဘို့ကောင်းလှသည်။ ပုဒ်မ ၁၈၃တွင် “တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်အချို့ လစ်လပ်နေစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူတစ်ဦးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့တက်ရောက်ခဲ့ ခြင်း ဆန္ဒမဲပေးခဲ့ခြင်း သို့မဟုတ် လွှတ်တော်လုပ် ငန်းတစ်ရပ်ရပ်တွင် ပါ၀င်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ” ဟူ၍ ဖော်ပြထားသည်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် မသမာသူအဖွဲ့တဖွဲ့က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အ တွင်း ဘောင်မဝင်သည့် အချက်များဝင်ရောက် ပြောဆိုဆွေးနွေးခြင်း၊ မဲပေးခြင်းများပြုလုပ်ပါက ၎င်းတို့ အပြုအမှုအတွက် နောက်နောင်တွင် ၎င်းတို့သည် အရွေးချယ်ခံထားရသော ပုဂ္ဂိုလ်များ မဟုတ်ဟု သိရှိသည့် တိုင်အောင် ဆုံးဖြတ်ချက်များကို မည်သို့မျှ ပြန်လည်ပြင်ဆင်ပြုပြင်ခြင်းငှာ မတတ်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နေပေသည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာ အဲ့ဒီစာကြောင်းလောက် အူကြောင်ကြောင်နိုင်တာ တစ်ခါမှမတွေ့ဖူးသေးဘူးဗျ”ဟု နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်သူ ရှေ့နေတစ်ဦးက အေးရှားတိုင်းမ် အွန် လိုင်းသတင်းဌာနသို့ ဆိုသည်။

ယင်းစာကြောင်းရဲ့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းပြချက်တစ်ခုကတော့  တိုင်းရင်းသားနယ်မြေများအတွင်း ရှိ ပြည်နယ်လွှတ်တော်များတွင် ဗဟိုအစိုးရ၏ အဆုံးစွန်သော အာဏာကို ထိပါးလာနိုင်သော ဥပဒေတွေ အခွင့်အ ရေးတွေကို ကာကွယ်ပေးရန်နှင့် လက်ရှိ ဗဟိုချုပ်ကိုင်မှုပုံစံ အာဏာတည်ဆောက်မှုကို ထိပါးလာမည့်အရာများမှ ကာကွယ်ရန်အတွက် ဖြစ်သည်။ အမှန်တကယ် ရွေးကောက်ခံအမတ်များ ပြည်နယ်ပါလီမန်တွင် ဆုံးဖြတ်ချက် မဲထည့်ရာတွင် အတားအဆီးဖြစ်စေရန်နှင့် “မသက်ဆိုင်သူလူအချို့”ကို စေလွှတ်၍ ၎င်းတို့ကိုယ်စား မဲထည့်စေခြင်း စသည်တို့ ပြုလုပ်နိုင်ရန် ဖန်တီးထားခြင်းဖြစ်နိုင်သည်။

မြန်မာနိုင်ငံရှိ ရှုတ်ထွေးလှသော တိုင်းရင်းသားတန်းတူရေး ပြဿနာအပေါ် တစွန်းတစသာ နားလည်ကြ သည့် အင်အားကြီး ပြိုင်ဘက်နိုင်ငံကြီးများက ငွေကြေး အလုံးအရင်းအကူအညီများ၊ အကြောင်းအရာတူ ခေါင်းစဉ် များဖြင့်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်လာကြခြင်းသည် ထာဝရငြိမ်းချမ်းရေးအတွက် ပိုမိုပြီး အခက်အခဲများကို ဖြစ်နေစေသည်။ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute အဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပဋ္ဋိပက္ခ အဆုံး သတ်ရေး လေ့လာသူ တွမ်ခရာမာကတော့-

မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပေါ်ကနေ အောက်ကိုဆင်းလာတဲ့ပုံစံ (top-down model) ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အခြေခံလူ့အဖွဲ့အစည်းပါ၀င်မှု အလွန်ကို အားနည်းပါတယ်။ အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲဆီသို့ ဦးတည်နိုင်ရေး ဆောင်ရွက်ရပါမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း အဖွဲ့အစည်းတွေနှင့် နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့များရဲ့ ဝေဖန်မှုနဲ့ အကြံပြုချက်တွေ ဟာ ကောင်းကောင်းမွန်မွန် အသိအမှတ်ပြုမခံရပါဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြေယာဥပဒေတွေပါ။ အပစ်ရပ်သဘောတူညီမှု အသစ်တွေရဲ့ အကျိုးဆက်အ ဖြစ် တိုင်းရင်းသားနယ်မြေတွေမှာ ပြည်တွင်းပြည်ပ ကုမ္မဏီတွေက ငွေကြေးအလုံးအရင်းနဲ့ မြေယာတွေ ၀ယ်ယူနေ ကြပြီး ဒေသခံတွေကို သူတို့ ဘိုးဘွားပိုင်နယ်မြေများကနေ ထွက်ခွာသွားကြရအောင် လုပ်နေကြခြင်းဖြစ်ပါတယ်။ ကချင်အပစ်အခတ်ရပ် ရေး အတွေ့အကြုံအရ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့နောက်မှာ သဘာဝ သယံဇာတ ရင်းမြစ်တွေကို အလွန်အကျွံ ထုတ်ယူရေးလုပ်ငန်းတွေ လိုက်လာတတ်ပါတယ်။ ရေရှည်တည်တံ့နိုင်မှု မရှိတဲ့ သဘာဝရင်းမြစ်ခွဲဝေအသုံးချမှု မညီမျှခြင်းဟာ ငြိမ်းချမ်းရေး ပြိုကွဲနိုင်တယ်ဆိုတာ ကချင်အပစ်ရပ်စဲရေး အတွေ့အ ကြံုက ကျွန်တော်တို့ကို သိသိသာသာ အချက်ပြ သတိပေးလို့နေပါတယ်။

ငြိမ်းချမ်းရေး အထူးအခွင့်အရေး
အစိုးရနဲ့ ကေအိုင်အေ တို့ရဲ့ ၁၇နှစ်ကြာ အပစ်ရပ်စဲရေးလုပ်ခဲ့တဲ့ ကာလအတွင်းမှာ မြန်မာပြည် မြောက်ပိုင်း က သစ်တောများကို အရေခွံနွှာခံရသလို အိမ်နီးချင်းတရုတ်နိုင်ငံကို ရောင်းချခံခဲ့ရသည်။ သဘာဝတွင်းထွက်ပစ္စည်း များလည်း အလျင်အမြန်ပင် တူးဖော်ခြင်းခံရသည်။ ကချင်ပြည်နယ်တွင် တရုတ်နှင့် မြန်မာပြည်အောက်ပိုင်းက စီးပွားရေးသမားတွေ ခြေချင်းလိမ်နေကြသည်။ ကေအိုင်အေ ခေါင်းဆောင်အများစုသည်လည်း စီးပွားရေးလုပ်ငန်း များတွင် ပါ၀င်လာကြပြီး အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အပေါ် လူထုထောက်ခံမှု တဖြည်းဖြည်း လျော့နည်းကျ ဆင်းခဲ့ရသည်။ ၂၀၁၁ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် ကချင်ပြည်သူလူထုက အမျိုး သားရေး လှုပ်ရှားမှုနောက်တွင် မားမားရပ်ခဲ့ပြီး ခေါင်းဆောင်ဟောင်းအချို့ ဘေးရောက်သွားခဲ့ပြီး ကချင်မျိုးဆက် သစ်ခေါင်းဆောင်များက နေရာယူခဲ့ကြသည်။

တွမ်ခရာမာ ထောက်ပြသကဲ့သို့ပင် အလားတူ အဖြစ်အပျက်မျိုး အခြားတိုင်းရင်းသားနယ်မြေဒေသတွေမှာ လည်း မကြာခင် ထပ်မံဖြစ်ပွားနိုင်သည့် အလားအလာများ ရှိနေသည်။ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကေအဲန်ယူ ခေါင်းဆောင်များကို စီးပွားရေး လုပ်ပိုင်ခွင့် အထူးအခွင့်အရေးများ ကို အစိုးရက ပေးခဲ့သည်။ ဥပမာ - ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုင်းနိုင်ငံမှ ကားတင်သွင်းခွင့် လိုင် စင်ရရှိခြင်းနှင့် ကေအင်န်ယူခေါင်းဆောင်တစ်ဦးရဲ့ သားတစ်ယောက်သည် လူမှောင်ခိုကူးခြင်းနှင့် မှတ်ပုံတင်လက် မှတ်အတုပြုလုပ်ခြင်း စသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။

မကြာသေးမှီက နေပြည်တော်တွင် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် သမ္မတဦးသိန်းစိန်တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ရာဘာစိုက်ခင်းလုပ် ကိုင်ခွင့်နှင့် အလားအလာရှိသည့် သတ္ထုတူးဖော်ရေး အထူးအခွင့်အရေးများပေးရေး စသည်တို့သာ ဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာများ ဖြစ်ခဲ့သည်။ ၁၉၉၀ခုနှစ်များအတွင်းက ကေအိုင်အေကို စီးပွားရေးမက်လုံးများ ပေးခဲ့ သည့် နည်းအတိုင်းပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေး တောင်းဆိုမှုများကို အသံတိတ်သွားစေရန် အစိုးရက စီးပွားရေးမက်လုံးများဖြင့် သိသိသာသာ ဆွဲဆောင်နေသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်လုပ် ဆောင်နေသူများနှင့် နီးစပ်သူတဦး၏ အဆိုအရ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပ့ံမှုငွေကြေးဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်နေကြသည်ထက် ဘာမျှမပို”ဟု ဆိုပါသည်။

ယခု ခေါ်ဆိုနေကြသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရလဒ်အဖြစ် တိုင်းရင်းသား ပြည်နယ်များတွင် နိုင်ငံရေး အာဏာများ ပိုရှိလာမည့် ဖက်ဒရယ်ပြည်ထောင်စုတခုကို ထူထောင်ရေးမှာ ဖြစ်လာမည့်ပုံမပေါ်ပါ။ တပ်မတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရတပ်မတော် ထိပ်ပိုင်းအရာရှိကြီးများက ဘော်လကန်ဒေသက နိုင်ငံများကဲ့ သို့ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမည်ကို စိုးရိမ်နေကြသကဲ့သို့ နိုင်ငံတော်တွင် အာဏာအရှိဆုံးဖြစ်သော တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို အကြောက်အကန် ဆန့်ကျင်နေသည်။နိုင်ငံတော်ကို ကာကွယ်ပေးနိုင်သည့် တခုတည်းသော တပ်မတော်အဖြစ် ၎င်းတို့ကိုယ် အမြဲတမ်း ရှုမြင်နေကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်း စုများ၏ တောင်းဆိုချက်များကို ဖိနှိပ်ဘို့အတွက် ပိုမိုဆန်းသစ်သော မဟာဗျူဟာနည်းလမ်းသစ်များကို အစိုးရက ခင်းကျင်းလာခဲ့သည်။

သမ္မတဦးသိန်းစိန်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေသည့်တိုင် အစိုးရ၏ မူဝါဒများက တိုင်းပြည်ကို“၁၃၅လူမျိုးစု” အဖြစ်သွေးခွဲဖို့ ကြံရွယ်နေသည်။ ကချင်ပြည်နယ်အတွင်း ဒေသခံ ခေါင်းဆောင်များက လူမျိုးစုများ ဘာသာစကားကွဲပြားသူများကို စုစည်းညီညွှတ်စေရန် နှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်နေကြပေမဲ့လည်း အစိုးရက မျိုးနွယ်စုပေါင်း တစ်ဒါဇင်နီးပါးဖြစ်အောင် ခွဲခြားခေါ်ဝေါ် သတ်မှတ်ခဲ့သည်။ အဆိုပါ မျိုးနွယ်စုများမှာ တအူတုံဆင်း ညီနောင်များသာဖြစ်သည်။

 ယင်းလုပ်ရပ်သည် “တကဲ့ကိုသွေးခွဲအုပ်ချုပ်မှု မူဝါဒကြီးတစ်ခုပါပဲ”ဟု မြစ်ကြီးနားဒေသခံ ခေါင်းဆောင်တစ် ဦးက ဆိုသည်။ အဲ့ဒီလို အဖြစ်မျိုးကို ရှမ်းပြည်နယ်နှင့် အခြားပြည်နယ်များတွင်လည်း သေးငယ်သော မျိုးနွယ်စုခွဲများ အဖြစ် ခွဲခြားရေတွက်ကြသည်။ အချို့ မျိုးနွယ်စုခွဲများမှ ခွဲခြားမရအောင်ပင် ဖြစ်သည်။ လက်တွေ့ကျသည့် ခန့်မှန်းမှု မှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုကြီးအနေဖြင့် အုပ်စု ၂၀မှ ၃၀အတွင်းသာ ရှိသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်မည်ဟု တဘက်က ကြွေးကြော်နေသော်လည်း အစိုးရက ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များတွင် စစ်အင်အားကို ဆက်လက်တိုးချဲ့နေသည်။ မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ အရေ အတွက် လျော့ကျလာသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ အစိုးရတပ်ဖွဲ့များက ရှမ်း၊ ကချင်နှင့် ပလောင်တပ်ဖွဲ့များ၏ အခြေစိုက်စခန်း များကို လက်ဦးမှု ရယူတိုက်ခိုက် သိမ်းယူနေသောကြောင့် ဖြစ်သည်။

နေပြည်တော်၌ လာမည့်ဇူလိုင်လအတွင်း အစိုးရက ကျင်းပမည့် တိုင်းရင်းသားစုံညီ တွေ့ဆုံပွဲ အခမ်းအနား သည် အစိုးရ၏ အောင်ပွဲပြယုဂ်ဖြစ်မည်မှာ သံသယ ရှိစရာမလိုပေ။ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါ၀င်နေကြ သော နိုင်ငံခြားအစိုးရများ၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက စိတ်အားထက်သန် စွာ အခမ်းအနားကို ကျင်းပလိုကြမည်ဖြစ်ပြီး အသိအမှတ်ပြုလည်း ခံချင်နေကြသည်။ သို့သော် ယင်းကား အဖြေ မဟုတ်သေးပေ။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ပြဇာတ်တစ်ပုဒ်လုံး၏ ဇာတ်သိမ်းခန်းအစပင် မဟုတ်သေးပေ။ တိုင်းရင်းသားများ အမှန်တကယ် ဆာလောင်မွတ်သိပ်နေသည်မှာ “စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု” တည် ဆောက်နိုင်ရေးဆိုသည့် မိုးရေမိုးစက်များပင် ဖြစ်ပါတော့သည်။

ဘာတေးလင့်(တ်)နာ ရေးသားသည့်  Rain for Myanmar’s peace parade ကို ဆီလျော်အောင် ဘာသာပြန် သည်။