ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကိုးမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် အစိုးရစစ်တပ်များနှင့် တင်းမာမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံ ရွာသားများလည်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KIA ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဓမ္မဆရာတို့ထံမှ သိရသည်။
ယမန်နေ့က နံနက်ပိုင်း ၉ နာရီမှ နေ့လည် ၁၁ နာရီချိန်ထိ ၂ ကြိမ် ကွပ်ခိုင်မြို့နယ် ဦးခွန်မြတ် ပြည်သူ့ စစ်တပ်ဖွဲ့များနှင့် အစိုးရ၏ ခမရ ၅၀၇ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နှင့် KIO တပ်ရင်း ၃၆ တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း နှစ်ဖက် စောင့်ကြည့်နေသည်ဟု KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ခွဲမှူး ဇော်ဆိုင်း က ပြောသည်။
“မနေ့ကလည်း နှစ်ကြိမ်တိုက်ပွဲ ဖြစ်တယ်။ ခုလည်း သူတို့ အဲဒီနေရာမှာ မရွေ့သေးဘူး။ ပထမ တိုက်ပွဲ ဖြစ်လာတာက ကျနော်တို့ တပ်တွေ ချထားတဲ့ နေရာကို သူတို့ တက်လာ လို့ တိုက်ပွဲဖြစ်တာ။ အခုလည်း သူတို့ ၁၀၅ မိုင်ဘက်က စစ်ကူအင်အား မနေ့ညနေပိုင်းက စစ်တပ် လှုပ်ရှားလာတာတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် ခုထိတော့ လှုပ်ရှားလာတာာ မရှိသေးဘူး။ ခု ဆက်တိုက်မယ့် အလားအလာ ရှိနေတယ်” ဟု မဇ္စျိမကို ပြောသည်။
KIA တပ်များ အခြေစိုက်ရာ ဆိုင်းထူခက် အနီးတဝိုက်ရှိ မန်ဂျေကျေးရွာတွင် အစိုးရတပ်များ အခြေချနေ သဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သေးသည်ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာ ဖိုင်ကောင်၊ ကောင်းစထေး၊ ကောင်းရောင်း၊ ခလန် စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၁၀၀ ကျော်ခန့်သည် တရုတ်ဘက်ခြမ်း နောင်လုန် ရှိ ကချင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းနှင့် ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြသည်ဟု ထိုစစ်ပြေး ဒုက္ခသည်များအား သွားရောက်ကြည့်ရှုခဲ့သူ နှစ်ခြင်းအသင်းတော်မှ ဓမ္မဆရာတဦးက မဇ္စျိမကို ပြောသည်။
“ရွာသား ၁၀၀ လောက်ရှိတယ်။ သူတို့ရဲ့ ပစ္စည်းတွေကိုတော့ နောင်လုန် ဘုရားကျောင်းမှာ ထားတယ်။
နေတာက သူတို့ မိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေကြတယ်။ အစားအသောက်ကတော့ ခက်တယ် မနေ့က သူတို့နဲ့တောင် ထမင်းသွားစားသေးတယ်။ မုန်လာထုပ် သုတ်နဲ့ပဲ စားနေကြတယ်” ဟု ပြောသည်။
မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် နှစ်ဖက်တပ်ဖွဲ့ ပစ်ခတ်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် အပါအဝင် အချက် ရ ချက် သဘောတူညီခဲ့သည်။
သို့သော်ယင်းဆွေးနွေးပြီးနောက်ပိုင်း ယခုလ ၁၀ ရက်နေ့မှ စတင်၍ တိုက်ပွဲ အကြိမ်ပေါင်း ၆ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်ဟု တပ်ခွဲမှူး ဇော်ဆိုင်းက ပြောသည်။
“ကျနော်တို့လည်း ရွာနဲ့ သွားရေး လမ်းမတွေမှာ မပစ်ခတ်ဖို့ ညွန်ကြားထားတယ်။ ကျနော်တို့လည်း မပစ်ဘူး။ ကျနော်တို့ နေနေတဲ့့ နေရာကို သူတို့ ရုတ်တရက် တက်လာလို့ တိုက်ပွဲ ပြန်စတာပဲ။ ခုသူတို့က ရွာသားတွေ ရှိတဲ့နေရာတွေမှာ နေနေတော့ ကျနော်တို့လည်း ရွာသားတွေ ရှိတော့ ပစ်လို့ မရဘူး။ ဒါကြောင့် သူတို့ပြန်သွားမလားဆိုပြီး လမ်းဖွင့်ပေးထား တာ ခုချိန်ထိပဲ” ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲများနှင့်ပတ်သက်၍ မဇ္စျိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။