ကျပ်သိန်း ၂၉ဝ ခန့်တန်သည့် မူးယစ်ဆေးများ ရှမ်းပြည်တောင်ပိုင်းတွင် ဖမ်းမိ

ကျပ်သိန်း ၂၉ဝ ခန့်တန်သည့် မူးယစ်ဆေးများ ရှမ်းပြည်တောင်ပိုင်းတွင် ဖမ်းမိ
by -
မဇ္ဈိမ

ရဲများက မူးယစ်ဆေးဝါး သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ဒေသတွင် သက်သေများနှင့်အတူ ဆိုက်ခေါင်-ဘန်းယဉ် ကားလမ်းတွင် စောင့်ဆိုင်းကာ ကားများကို စစ်ဆေးခဲ့ရာ တိုယိုတာ ကားတစ်စီးပေါ်တွင် ကျပ်သိန်း ၂၉ဝ ခန့် တန်ဖိုးရှိသော မူးယစ်ဆေးများ ဖမ်းမိခဲ့သည်။

ကားပေါ်တွင် ဆာလာအိတ် သုံးအိတ် ဖြင့် ထည့်ထားသော ဘိန်းစိမ်းဟု ယူဆရသော အမဲရောင် အစေးအခဲ ၄၈ ကီလိုဂရမ်ခန့် ပါရှိလာခဲ့ခြင်းဖြစ်ပြီး အဆိုပါကားကို စိုင်းပီးဆိုသူက မောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

ယာဉ်မောင်း စိုင်းပီးကို ရဲကဖမ်းဆီး စစ်ဆေးရာ နမ့်စန်မြို့နယ်မှ စိုင်းမောင်နှင့် အခြားသူတစ်ဦးက ၎င်းကို
ငွေကျပ် ၁ဝ သိန်းပေးမည်ပြောသဖြင့် သယ်ဆောင်ပေးခြင်း ဖြစ်သည်ဟု ရဲကို ထွက်ဆိုကြောင်း ရဲများက မှတ်တမ်းတင်ထားသည်။

မူးယစ်ဆေး သယ်ဆောင်သူအဖြစ် စိုင်းပီးကို စွပ်စွဲပြီး ဘန်းယဉ် ရဲစခန်းတွင် အမှုဖွင့်ထားကာ သူ့ကို မူးယစ်ဆေးဝါး ပုဒ်မဖြင့် တရားစွဲမည်ဟု ဆိုသည်။ ထို့ပြင် ကျန်နှစ်ဦးကိုလည်း ရဲက လိုက်လံဖမ်းဆီး နေသည်။

Most read this week