တိုက်ပွဲများကြောင့် တအာင်း ကျောင်းသားထောင်ချီစာသင့်ခွင့် မဲ့

တိုက်ပွဲများကြောင့် တအာင်း ကျောင်းသားထောင်ချီစာသင့်ခွင့် မဲ့
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်) ဒေသတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ ကြား တိုက်ပွဲ ပြင်းထန် လာနေသဖြင့် ကျောင်းသားပေါင်း ထောင်ချီပြီး စာသင်ခွင့် မဲ့နေပြီး ဖြစ်ကြောင်း တအာင်း အမျိုးသမီး အစည်းအရုံးမှ လွေးနွေးနှောင်းက ဆိုပါသည်။

phophtaw282

“ တအာင်း ဒေသမှာခဏခဏ တိုက်ပွဲ ဖြစ်နေတဲ့ အတွက် ဆရာ၊ ဆရာမတွေလည်း မလာရဲကြတော့ဘူး။  ပရဟိတ ကျောင်းတွေရှိပေမယ့်ကျေးရွာပေါင်း (၂၀) ကျော်က ကလေးတွေ အားလုံးကို သွားထားရမယ်ဆို တော့ မဖြစ်သေးဘူးလေ၊ အခက်ခဲတွေလည်း အများကြီး ရှိတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေအမြန်ပြန်လာဖို့နဲ့ သူတို့ရဲ့ လုံခြံုရေးကို ရွာလူကြီး၊ အစိုးရ အာဏာပိုင်၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA  တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ခက်တာက အစိုးရတပ်တွေနဲ့ ညှိလို့မရဘူး” ဟု ဆိုသည်။

အခက်အခဲ ဖြစ်နေသည်မှာ ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ နှင့် ကွတ်ခိုင်မြို့နယ်  ကျေးရွာပေါင်း (၂၀)ကျော်က စာသင်ကျောင်းများ ဖြစ်ပါသည်။ ဤကိစ္စအားအစိုးရ အာဏာပိုင်များနှင့် TNLA အား တင်ပြ ခဲ့ကြသော်လည်း အစိုးရဖက်မှ မည်သို့မှ တုန့်ပြန်မှု မရှိဟု ဆိုပါသည်။

အဆိုပါ ကျေးရွာ များသည် အထူးသဖြင့်ကျယ်ကောင်၊ နားအော်ကြီး၊ နားအော်လေး၊ ခိုမုန်း၊ မန်စပ်၊ ပန်းရောင်၊ မကောက်၊ ဆိုင်းလိန်၊ အွယ်လော၊ မန်းမိုင်၊ မဝေါ၊ မန်အောင်၊ ဟိုတပ်၊ ဆာလူ၊ ထာတ်ကျဲတ်၊ မန်အီ၊ လွယ်ကန်၊ လွယ်ခမ်း၊ တောနေ၊ လွယ်မွန်းနှင့် ကွတ်ခိုင်မြို့နယ် ငေါ့ငါး ကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ များဖြစ်ပါသည်။

အဆိုပါ ကျေးရွာများသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် ဆရာ၊ဆရာမ များ မလာရဲကြသလို တိုက်ပွဲများကြောင့် လူထုများ ကျေးရွာမှ ထွက်ပြေး နေရသည့် အတွက်ကြောင့် ကလေးများ စာသင်ကြားခွင့် မဲ့သွားရခြင်း ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းရုံးမှ သတင်းနှင့် လူအခွင့်အရေး မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက ဆိုပါ သည်။

TNLA သည် တိုက်ပွဲ မဖြစ်ပွားရန် နည်းမျိုးစုံဖြင့် ရှောင်ရှား နေခဲ့သော်လည်း အစိုးရတပ်ဖွဲ့၏ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် တိုက်ပွဲ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း ဆိုပါသည်။ တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်များ ဖြစ်လာသလို ခိုလှုံမှုနေရာ မဲ့သည့်ဘဝဖြင့် နေရာမဲ့ ခိုကပ် ဒုက္ခသည်များ ဖြစ်နေခဲ့ပါသည်။

အစိုးရ စစ်ဆင်ရေးများ ရပ်တန့်ခြင်း မရှိသည့်အတွက် ကျန်းမာရေး၊ စားသောက်ရေး၊ လုံခြုံရေးများ ကင်းမဲ့နေသည့် အပြင် ရွာပေါင်း (၂၀) ကျော် နှင့် စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင် နေရသည့် ကလေးများ၏ ၂၀၁၂ ခုနှစ် ပညာ ရေးသည် မရေမရာသော အဖြစ်သို့ ရောက်နေလာဖွယ် ရှိနေပါသည်။

Most read this week