သဘာဝဘေးကျရောက်လျှင် ထောက်ပံ့ရန် မိသားစုသုံးထောင်စာအတွက် အသင့်ပြင်ထား

သဘာဝဘေးကျရောက်လျှင် ထောက်ပံ့ရန် မိသားစုသုံးထောင်စာအတွက် အသင့်ပြင်ထား
by -
မဇ္ဈိမ

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြံုတွေ့ချိန်တွင် ကူညီထောက်ပ့ံနိုင်ရန် မိသားစု သုံးထောင်စာ အသုံးအဆောင်များ အဆင်သင့်ပြင်ထားကြောင်း တနင်္သာရီတိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

ထားဝယ်ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံတွင် မိသားစုနှစ်ထောင်စာ၊ မြိတ်တွင် မိသားစုငါးရာနှင့်ကော့သောင်းတွင် မိသားစု ငါးရာအတွက် အသီးသီး သိမ်းဆည်းထားကြောင်း၊ ထို့အပြင် သဘာဝဘေးဖြစ်
သည့်အခါ အသုံးပြုရန် မြိတ်တွင် ယာယီအမိုးအကာတဲ့တစ်ထောင်နှင့် သွပ်ပြားအချပ်ရေ တစ်သောင်းကို လည်း အသင့်စုပုံထားရှိကြောင်း တိုင်းဦးစီးမှူး ဦးစိုးနိုင် က ပြောသည်။

အခြေအနေအရ လိုအပ်ရင် ထပ်ဖြည့်သွားမယ်။ ကယ်ဆယ်ရေးပစ္စည်း ရှစ်မျိုးအပြင် ဆန်ရိက္ခာ အိမ်ဆောက် ပစ္စည်း ထောက်ပံ့ငွေ နာရေးထောက်ပံ့ငွေများကိုလည်း ဌာနအနေနဲ့ ထောက်ပ့ံပေးတယ်။ တိုင်းခရိုင်မြို့နယ် အဆင့်ကနေ ရပ်ကွက်ကျေးရွာ အဆင့်အထိ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွေ အဆင့်ဆင့်ဖွဲ့စည်းပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်နေတယ်'' ဟု ဦးစိုးနိုင် က ဆိုသည်။

သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်တွင် သဘာဝဘေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရေးနှင့် သဘာဝဘေးဒဏ်အပေါ် ရင်ဆိုင်နိုင်ရန် သဘာဝဘေး အသိပညာပေးသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲနှင့် ရပ်ကွက်ကျေးရွာ အဆင့်သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲများကိုလည်း တနင်္သာရီတိုင်းအတွင်းပြုလုပ်လျက် ရှိသည်။

ဆိုးရွားပြင်းထန်သည့် သဘာဝဘေးတွေ ဖြစ်ပေါ်လာလျှင် မြန်မာနိုင်ငံ သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော Disaster Risk Reduction Working Group အဖွဲ့များနှင့် လိုအပ်သလို ပူပေါင်းဆောင်ရွက်မှုများလုပ်ရန် စီစဉ်ထားသည်ဟု ဦးစိုးနိုင် က ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးဘေးသုံးကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ခြေကိုးအိမ်နှင့် ရေဘေးနှစ်ကြိမ်ဖြစ်ပွားရာအိမ်ခြေ ၂ဝ၁ ဘေးဒုက္ခကျရောက်ခဲ့ပြီး ယခုနှစ်တွင် မီးဘေးလေးကြိမ် ဖြစ်သွားခဲ့သည်။

Most read this week