ဧရာဝတီမြစ်အတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ဆင်ဘိုမြို့အကြား သွားလာနေသည့် စက်လှေသမား များထံမှ အစိုးရစစ်တပ်က အဓမ္မငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း အဆိုပါနယ်ခံများ အဆိုအရ သိရသည် ။
ကျွန်းနှင့်ကျောက်စိမ်းသယ်ယူနေသည့် မှောင်ခိုစက်လှေများနှင့် ဒေသခံတောင်သူများ၏ ကိုင်းကျွန်းသွားလာနေသည့် စက် လှေသမားများထံမှ ငွေတောင်းယူနေခြင်း ဖြစ်ကြောင်း ဆင်ဘိုနယ်ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည် ။
“စစ်တပ်က ညောင်ပင်သာရွာမှာထိုင်တာ။ သူတို့က မှောင်ခိုစက်လှေတွေရော အခင်းထဲသွားတဲ့ စက် လှေတွေရော အကုန်လုံးကို ဂိတ်ကြေးဆိုပြီး တောင်းနေတာ။ ဂိတ်လို့ပြောရအောင် ဧရာဝတီမြစ်ထဲမှာ ဂိတ်မှမရှိတာ။ သူတို့စခန်းနဲ့ မြစ်နဲ့ ဆိုလည်း အဝေးကြီးပဲ ။အဲဒါ သေနတ်တစ်လက်ကိုင်ပြီး သောင်ပြင် တွေလျှောက်သွား တွေ့တဲ့စက်လှေခေါ်ကပ်။ ကြမ်းကြမ်း တမ်းတမ်း စကားတွေနဲ့ တောင်းနေတာ ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည် ။
ညောင်ပင်သာရွာ၌ ခလရ ၁၄၁ တပ်ရင်းမှ စခန်းချထားပြီး စခန်းမှူးမှာ ဗိုလ်ကြီး ကျော်မျိုးနိုင်နှင့် မြစ်ကြောင်းတစ်လျှောက် ငွေလိုက်တောင်း နေသူမှာ တပ်ကြပ် ချစ်မောင်ဖြစ်ကြောင်း သူက ဆက် ပြောသည် ။
“၁၄၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးသူရက ဆင်ဘိုမှာထိုင်တယ် တပ်ကြပ် ချစ်မောင်က ဦးဆောင်ပြီး ငွေတောင်းနေတာ ငွေမပေးလို့ရှိရင် စခန်းလိုက်ခဲ့ စခန်းမှူးနဲ့ စကားပြောရမယ် ရိုက်နှက်ခံရမယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်းပြောတောင်း တယ် ” ဟု ဆိုသည် ။
အဆိုပါ တောင်းယူသည့် ငွေပမာဏမှာ မှောင်ခိုစက်လှေများတွင် ပစ္စည်းပေါ်မူတည်၍ သောင်းပိုင်း သိန်းပိုင်း အစားစား ရှိပြီး ဒေသခံတောင်သူများ၏ စက်လှေများတွင် အနည်းဆုံး ကျပ် ၅၀၀၀ မှ ၁ သောင်း အကြား ပေးဆောင်နေရကြောင်း သိရသည် ။