အသိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး လှုပ်ရှားမှုတွင် ရှမ်းပြည်နယ်နောင်ချိုမြို့နယ်မှ ဦးဆောင် လှုပ်ရှားသူ လယ်သမား (၄) ဦးအား တစ်ညတာ ချုပ်ထားရာမှ ယနေ့ဇွန်လ (၂၇) ရက်နေ့တွင် အာမခံဖြင့် ရမာန်ကြီးတပတ် ပြန်လည် လွှတ်ပေးခဲ့ သည်ဟု အဖမ်းခံရသူ ဦးဖိုးချောက ဆိုပါသည်။
“ ကျနော်တို့က သူတို့ သိမ်းထားတဲ့ ကျနော်တို့ လယ်ပေါ်မှာ ပြန်စိုက်လို့ ရဲက ချုပ်လိုက်တာပါ။ ဒါကို ဒီနေ့မနက်မှာတယောက်ကို သုံးယောက်နှုန်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်။ နောက်လဇူလိုင် (၇) ရက်နေ့ ကျမှ တရားရုံးမှာ ရင်ဆိုင်ရမယ်၊ ကျနော်တို့က လယ်ကိုပဲ မှီခိုနေတဲ့ သူတွေဖြစ်တဲ့အတွက် ကိုယ့်လယ်ကိုယ်လိုချင်လို့ စစ်တပ် သိမ်းထားတဲ့မြေပေါ်မှာ မနေ့တုန်းက လယ်မြေ တစ်ကွက်မှာ သုံးလေးယောက်လောက် စပါးစိုက်၊ ပြောင်း စိုက်တာတို့ လုပ်ခဲ့လို့အဖမ်းခံရတာ” ဟု ဆိုပါသည်။
ထိုလှုပ်ရှုား မှုကြောင့် နောင်ချိုမြို့နယ်ကံ့ကော်ကျေးရွာမှ ဦးဖိုးချောနှင့် ဦးညိုအေး၊ ရေဝင်ကျေးရွာမှ ဦးကျော်ညွန့်၊ ငါးပင်ကျေးရွာမှ ဦးထွန်းသောင်းတို့ကို နောင်ချိုမြို့နယ် ရဲစခန်းက တစ်ညတာ ဖမ်းချုပ် ထားခြင်းဖြစ်ပါသည်။
အချုပ် ကျနေစဉ် တာဝန် ရှိသူများသည် သိမ်းဆည်းမြေများတွင် လယ်လုပ်ပိုင်ခွင့်ပေးထားခြင်း မရှိသေးသည့် အတွက် ယခုကဲ့သို့ ကျူးကျော်ပြီး လုပ်ခွင့်များ မရှိကြောင်း၊ လောလောဆယ်၌ မိမိတွင် ရှိနေသည့် မြေများဖြင့်သာ ပြုပြင်၍ လုပ်ကိုင် စားသောက်ကြရန် လယ်သမားများအား ပြောကြား ခဲ့ပါသည်။
အာဏာပိုင်များသည် ဤလှုပ်ရှားမှုကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှဦးနေမျိုးဝေက လှုံ့ဆော်သည်ဟု စွပ်စွဲပြီး ပုဒ်မ၅ - ၁ (စ / ဆ ) အခြေအနေမဲ့ ခိုးဆိုးနှိုက်လုယက်မှု ရာဇဝင်ရှိ သူများကို ခြေချုပ်အနေဖြင့် ခြောက်လအတွင်း ကောင်းမွန်စွာ နေထိုင်ရန် သတိပေးပြစ်ဒဏ် ချမှတ်သည့် ပုဒ်မဖြင့် ဖမ်းဆီး လိုက်ပါသည်။
“ကျနော့်ဘက်ကတော့ လယ်သမားတွေကို ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ကိုတော့ လိုက်ပြီးတော့ ရှင်းပြပေးတယ်။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်လုပ်နိုင်ပါတယ်။ နောင်ချို လယ်သမား လှုပ်ရှားမှုမှာလည်း အာဏာပိုင်တွေကပုဒ်မ၅ - ၁ (စ / ဆ ) နဲ့ ဖမ်းတာဖြစ်တယ်” ဟု ဦးနေမျိုးဝေက ဆိုပါသည်။
ဦးနေမျိုးဝေသည် လယ်သမားများအတွက် မြေယာပြသနာ အဆင်ပြေစေရန် အစိုးရမှ ဆုံးဖြတ်ပေးရန်နှင့် လယ်သမားများအား မတရား စွပ်စွဲနေမှုများ ရပ်တန့်သွားရန် ဖိအားပေးသည့် အနေဖြင့် လယ်သမားများအား လှုံ့ဆော်နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။
အလားတူပင် ယမန်နေ့၌လည်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံသာ ကျေးရွာမှ လယ်သမားများသည် ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ရရန် လမ်းလျှောက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြ ပါသည်။
ယခုအချိန်တွင် မြန်မာ တစ်နိုင်ငံ လုံး၌မြေယာပြသနာများ တစ်နေ့တစ်ခြား ကြီးမားကျယ်ပြန့် လာနေပါသည်။ မြေယာ ပြသနာကို ဖြေရှင်း ရာတွင်လည်း မြေသိမ်းခဲ့သူ လုပ်ငန်းရှင် များထက် လယ်လုပ် ရမှ ဘဝရှင်သန်မှု ရှိသည့် လယ်သမားများကို ဥပဒေနှင့်အညီ ၀ိုင်းဝန်းဖြေရှင်းပေးရန် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့အား ပန်ကြား လိုကြောင်း ဆိုပါသည်။
ပြည်ထောင်စု လွှတ်တော်သည်၂၀၁၂ သြဂုတ်လတွင် မြေသိမ်းဆည်းခြင်း ဆိုင်ရာ လုပ်ငန်း စုံစမ်းစီစစ်ရေး ကော်မရှင် အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ၁၉၈၈ နောက်ပိုင်း စစ်တပ်မှ သိမ်းဆည်း ထားသည့် မြေယာများ ပြန်လည် ပေးအပ်နိုင်ရန် ဥပဒေ ပြဌာန်း ပေးခဲ့ပါသည်။
ဤကော်မရှင်မှ အဆင့်ဆင့်သော စုံစမ်းရေး ကော်မီရှင်များအား ဖွဲ့စည်းပြီး ကွင်းဆင်း ဆောင်ရွက်စေပါသည်။ သို့သော် ၄င်းကော်မရှင်များသည် ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်တပ်ဘက်မှ ရပ်တည်ကာ လယ်သမားကိုသာ ဖိအားပေးနေခြင်းမျိုး မဖြစ်ရန် လိုအပ်သည်ဟု အကြံပြုလိုပါသည်။ မှန်ကန်သည့် ဥပဒေဖြင့် တရားမျှတစွာ ဖြေရှင်းပေးရန် လိုပါသည်။
လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်သာ ပေးထားသော လယ်ယာ ဥပဒေဟောင်း နေရာတွင် လယ်လုပ်သူ လယ်ပိုင်ရေး စနစ်ဖြစ်မှသာ မြေယာသိမ်းမှု နှင့် လွတ်လပ်သည့် မြေပိုင်စနစ်များ ဖြစ်လာနိုင်ပါသည်။ သို့မှသာ အာမခံရှိပြီး စိတ်ချရသော လယ်သမားဘဝ ဖြစ်လာပြီး တိုင်းပြည် တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှစ် (၆၀) သမိုင်းက ပြဆို ခဲ့ပြီးဖြစ်ပါသည်။