တောင်ယာမှအပြန် ကျွဲချေးမှိုကောက်ပြီး မိသားစုနဲ့အတူ အိမ်မှာချက်ပြုတ်စားသောက်ခဲ့လို့ မိခင်နဲ့အတူ သားသမီး လေးဦးသေဆုံးသွားခဲ့ရတယ်လို့ သေဆုံးသူမိသားစုများကို ပြုစုကုသပေးခဲ့တဲ့ သားဖွားဆရာမက ပြောပါတယ်။
ဇွန်လ ၁၉ ရက်နေ့က ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရော့ခူအုပ်စု၊ ဟာလီကျေးရွာနေ ဦးဆားဘာမိသားစုဟာ ကျွဲချေးမှိုတမျိုးကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ပြီးနောက် ၁၀ နာရီခန့် အကြာမှာ ဖခင်ဖြစ် သူဦးဆားဘာ မှိုအဆိပ်တက်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။
၂၁ ရက်နေ့ရောက်တော့ ၂နှစ်သမီး မအဲလစ်သေဆုံးပြီး ၂၄ရက်နေ့မှာတော့ မှိုဆိပ်တက်တဲ့ဝေဒနာကို ကျေးလက်သွားဖွားဆရာမနဲ့ ကရင်နီကျန်းမာရေးဌာနမှ ဆေးမှူးတို့ကနေ ကုသပြုစု နေတဲ့အတောအတွင်း မိခင်ဖြစ်သူ ဒေါ်မာတလေးနာ(၃၀နှစ်)၊ သားကြီးဆိုတေးရို (၉နှစ်)၊ သမီးကြီး မေရီ(၆နှစ်)၊ သားလပ်မိုင်ကယ်(၅နှစ်)တို့မှာ ထပ်မံ သေဆုံးသွားခဲ့ကြပါတယ်။
"ကျမသူ့ကိုမေးတော့ အိုးက ၀က်ဆီပေတယ်လို့ပြောပါတယ်။ ၀က်ဆီတခုပဲလို့ သူ(ဦးဆားဘာ) ပြောပါတယ်။ ဒါပေမဲ့ သူ မှိုခူးလာတုန်းက ဖားတကောင်ကပ်ပါလာတယ်ပြောတယ်။ ပြန်ချက်တဲ့ခါမှာတော့ အဲ့ဖားကိုတော့ မထည့်ဘူးလို့တော့ ပြောထားပါတယ်။ မှိုက အနီရောင်သန်းတယ်။ သူစားပြီးပြီးချင်းတော့ ဘာမှမဖြစ်ဘူး ။ မနက်ရောက်တော့ အန်တယ်ပေါ့။ သူအလုပ်သွားရင်းနဲ့ လမ်းမှာလျှောက်အန်တယ်"လို့ ဟာလီရွာမှ သားဖွားဆရာမ ဒေါ်မားကရက်က ပြောပါတယ်။
"အမှန်ဆိုတော့ ကျနော်တို့က ဒီမှာ လမ်းပန်းဆက်သွယ်ရေးကလည်း နဲနဲခက်ခဲတယ်ဆိုတော့ ဒီလူတွေကတော့ ကြိုတင် စောစောစီးစီးသိပြီးတော့ သူတို့ ကိုဆေးရုံတွေဘာတွေ
ပို့ဆောင်ကုသ ပေးနိုင်မယ်ဆိုရင်တော့ သေဆုံးမှု နည်းပါးသွားမှာပေါ့။ အဲလိုအများကြီး သေသွားတာကြတော့ စိတ်မကောင်းစရာပဲပေါ့လေ။ နောက်ပြီးတော့တခုရှိတာက … အဲမိုတွေက သူတို့ စားနေကျလို့ပြောတော့ ဘာဖြစ်လို့အဲလို ဖြစ်လာလဲဆိုတာတော့ ကျနော်တို့ သေချာလေ့လာဖို့လိုတယ်။ ရှေ့ဆက်ပြီးတော့မှ ဒီရာသီမှာထွက်နေတဲ့မှိုလည်း စားလို့ ရမလားဆိုတာ ကျနော်တို့သေချာစစ်ဆေးဖို့ လိုတယ်ပေါ့နော" လို့ ကရင်နီ မိုဘိုင်းကျန်းမာရေးကော်မတီမှ ဆရာဖိလစ်က ပြောပါတယ်။
လက်ရှိ အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူ ဦးဆားဘာကို လွိုင်ကော်ဆေးရုံကို ပို့ထားပြီး အငယ်ဆုံး ၂ လသား နိုဗာကီးဒူကိုတော့ သားဖွားဆရာမတွေက စောင့်ရှောက်ပေးနေပါတယ်။
ဟာလီကျေးရွာဟာ ဒီးမော့ဆိုမြို့နဲ့ ၁၅ မိုင်ခန့်ဝေးလံပြီး ကားလမ်း မရောက်တဲ့အတွက် လူနာများကို ဆေးရုံသို့ အချိန်မှီပိုဆောင်နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အတွင်းရှိ ခရို့ခူကျေးရွာက ရွာသားသုံးဦး မှိုနဲ့ဖားသား စားမှားမိလို့ သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။