ယခုနှစ် မတ်လ ကတည်းက ချင်းပြည်နယ် အိန္ဒိယ – မြန်မာနယ်စပ်၊ တီးတိန်မြို့နယ် ထင်းလေ၊ ဇိမ်ပီး၊ ဇိမ်သဲ ကျေးရွာ ပတ်ဝန်းကျင်ရှိ အခွန်ဆောင်ပြီး သစ်ထုတ် လုပ်နေသူများအပေါ် နယ်မြေခံ စစ်တပ်တွေက သစ်သယ် ကားတစီး လျှင် ကျပ် ငွေ တ သောင်းစီ အခွန်ကောက် ခံနေသည်။
သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွင် သစ်ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသည့် သစ်ကုန်သည်တို့သည် လွှဆွဲပျဉ်များကို ၄၀၇ ကားဖြင့် တဖက်မီဇိုရမ်သို့ တင်ပို့နေသည်ကို တွန်းဇံမြို့နယ် Darkhai တပ်စခန်း ခမရ ၃၀၄ မှ အမည်မသိ ဗိုလ်ကြီး တဦးနှင့် အင်အား ၅ ဦးတို့က ကျပ်ငွေ တသောင်းစီ ကောက်ခံနေတယ် ဟု ယနေ့ ပြောပြခဲ့တာပါ။
“ အခွန်မဆောင်ယင် တရားမဝင်သစ်ခိုးထုတ်မှုနဲ့ သိမ်းဆည်းလို့ရတယ်၊ လိုင်စင်ရှိတာမရှိတာက တပိုင်းပါ၊ တဖက် နိုင်ငံ ကို သစ်တွေ သယ်နေတဲ့ အမှုက ရှိတယ်ဆိုပြီး ငွေကောက်တယ်” ဟု Bukphir ရွာသား သစ်ကုန်သည်တဦးက ပြော သည်။
သစ်ကုန်သည်များသည် ဒေသထွက် ထင်းရူး၊ အခြားသစ်မာများကို တဖက်မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့သို့ သယ် ဆောင်ပြီး ထင်းရူးပျဉ် တကုဗ ရူးပီး ၂၅၀ ( ကျပ်ငွေ ၃၇၀၀) ၊ အခြားသစ်မာ တကုဗလျှင် ရူးပီး ရ၀၀ နှုန်းဖြင့် ရောင်း ချကြ သည်။
“ တနေ့မှာ ၄၀၇ ကား ၁၀ စီးနှုန်း တင်သွင်း နေတာပါ၊ စစ်တပ်ထံမှာ တနေ့ ကျပ်ငွေ ၅၀၀၀၀ နှုန်း ၀င်တဲ့ သဘောပေါ့” ဟု ဆက်ပြောသည်။
အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးမြို့အခြေစိုက် ခလရ ၈၉ က ဗိုလ်ကြီး ကျော်ဇေယျနဲ့အဖွဲ့ သည် ဇွန်လ ၁၆ ရက်နေ့က ထန်တလန်မြို့နယ် ကြောင်ထီးယားရွာက ပူး လျန်နှင်းရဲ့ နွား ၆ ကောင်ကို ငလန်ရွာမှာ ဖမ်းဆီးပြီး ကျပ်ငွေ နှစ်သိန်း( ၂၀၀၀၀၀) နဲ့ ရွေးယူစေခဲ့သည်။
ထို့အပြင် ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီတပ်စခန်းမှ အစိုးရစစ်တပ်များသည် ဟင်းသီးဟင်းရွက်များကို ဥယာဉ်ခြံ ရှိစိုက်သီးနှံများကို ခိုးယူနေကြကြောင်းလည်း သိရသည်။
“ သူတို့မှာ ယာလည်းမရှိရှာပါဘူး၊ စာနာပါတယ်၊ ကျမတို့ အမျိုးသမီးအဖွဲ့တွေက ယာထွက်ဟင်းသီးဟင်းရွက်တွေကို စေတနာ သန့်သန့်နဲ့ပေးခဲ့ပါတယ်၊ ဒါကိုမှ မထောက်၊ ခိုးကြောင်ခိုးဝှက်လုပ်နေတာက ၀မ်းနည်းပါတယ်” ဟု ဒေသခံ အမျိုးသမီးက ပြော သည်။