လာမည့်နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ကယား(ကရင်နီ)လူမျိုးစုတွေ ကေ့ထျိုးဘိုးရိုးရာ တိုင်တော်တွေ မပပျောက်စေဖို့အတွက် ရည်ရွယ်ပြီး ပြည်နယ် ကေ့ထျိုးဘိုးရိုးရာ ဂေါပကအဖွဲ့ချုပ် နှင့် သက်ဆိုင်ရာ အစိုးရဌါနများက ပူးပေါင်းပြီး ချိကယ်ကျေးရွာအုပ်စု မောဒူ ဒီးဘိုးဟိုး စိုက်ကွင်းမှာ မိုးရာသီသစ်ပင် စိုုက်ပျိုးပွဲတော်တရပ်ကို ပြုလုပ်ခဲ့ပါတယ်။
ဂေါပကအဖွဲ့ချုပ်မှ ဦးပိုးရယ်အောင်သိန်းက “သစ်ပင်စိုက်ရတဲ့ အကြောင်းရင်းက စိမ်းလန်းစိုပြေဖို့၊ သာယာလှပဖို့ပါ။ အထူးသဖြင့် တံခွန်တိုင်လုပ်တဲ့ အခါမှာ အများအားဖြင့် ကျွန်းတိုင်ကို လုပ်တယ်။ အဲတော့ နောင် သားစဉ်မြေးဆက်ကျရင် နောက်နှစ် (၅၀)၊ (၆၀)ကျရင် ကျွန်းပင်က ရှားမှာဖြစ်တဲ့အတွက် အခုကတည်းက သား၊သမီးတွေ တံခွန်တိုင်ပွဲတော်ကို နေ့စဉ်အစဉ်လာမပြတ် ကျင်းပနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် ထားပြီးတော့စိုက်ပျိုးတာပါ” လို့ ပြောပါတယ်။
သစ်ပင်စိုက်ပျိုးရာ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် သက်ဆိုင်ရာ ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။
ထိုကဲ့သို့ သစ်ပင်စိုက်ခြင်းအားဖြင့် အနာဂတ်မှာ သစ်ပင်ရှားပါးမှု ကြံုလာခဲ့လျှင် စိုက်ပျိုးထားသည့် အပင်များ လွယ်ကူစွာ ပြန်လည်ခုတ်ယူ အသုံးပြုနိုင်မယ် ဖြစ်ကြောင်း သစ်တောနှင့်သတ္တုဝန်ကြီး ဦးရဲဝင်းလည်းပဲ အခုလို ပြောပါတယ်။
ဦးရဲဝင်းက “ဒီမှာဆိုရင် နောက်ပိုင်းကျရင် ကေထျိုးဘိုးလုပ်မယ် ဆိုရင်လည်း သစ်ပင်အဝေးကြီးခုတ်စရာ မလိုတော့ဘူး။ ကိုယ့်ဆီမှာ စိုက်ထားတဲ့ သစ်ပင်တွေပဲ အလွယ်တကူ ပြန်သုံးလို့ရအောင်ပေါ့။ နောက်ပိုင်းဆိုတော့ သစ်ပင်ရှားသွားပြီ” လို့ ပြောပါတယ်။
ချိကယ်ကျေးရွာအုပ်စု မောဒူဒီးဘိုးဟိုးဟော်ရှိ ကေ့ထျိုးဘိုးစိုက်ကွင်းမှာ (၇) ဧကခွဲ ရှိပြီး လက်ရှိ(၁) ဧကခွဲကို သစ်ပင်စိုက်ပျိုး ထားရှိပြီးဖြစ်ကြောင်း ဆက်လက်၍ လစ်လပ်နေတဲ့နေရာတွေလည်း ထပ်မံစိုက်ပျိုးဖို့အစီအစဉ်ရှိကြောင်း ဒေသခံတစ်ဦး ပြောကြား ချက်အရ သိရှိရပါတယ်။
ယခင်နှစ်တွေမှာ ကြက်ဆူပင်များ စိုက်ပျိုးလေ့ရှိပြီး ၂၀၁၂ ခုနှစ်မှစ၍ ကြက်ဆူအစား အခြား ကျွန်း၊ ခရေ နှင် ကံ့ကော် ပင်တွင် ပြန်လည်စိုက်ပျိုးထားရှိကြောင်း သိရပါတယ်။
ကေ့ထျိုးဘိုးစိုက်ကွင်းရှိ သစ်ပင်စိုက်ရာမှာ အဓိက ကျွန်း၊ သပြေ ၊ ခရေ နှင့် ကံ့ကော် ပင်များစိုက်ပျိုးသဖြင့် အပင်ပေါင်း (၉၆၀)ပင် ရှိပြီး ကျွန်းပင် အများဆုံး စိုက်ပျိုးထားကြောင်း သိရပါတယ်။