စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲ ဝင်ဖမ်း

စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲ ဝင်ဖမ်း
by -
မဇ္စျိမ

တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့်  3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသနေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း
တွေ့ရှိခဲ့ရသည်'' ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်ရုံကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ စည်ပင်သာယာ ဒုဦးစီး မှူး ဦးအောင်လွင်ဦး၊ မြို့နယ်ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးအေးတို့မှ ပူးပေါင်း၍ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ရုပ်ရှင်ပြသရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရုပ်ရှင်ရုံကိုတာဝန်ခံ၍ လုပ်ကိုင်သူအား ရဲများက တရားမဝင် ရုပ်ရှင်များပြသသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည်ဟုသတင်းထုတ်ပြန် သည်။

''သီးသန့်အအေးခန်းတွေ ပြုလုပ်ပြီးသမီးရည်းစားစုံတွဲတွေကို အဓိကထားပြီး ပြသနေတာကြောင့် အချိန်မရွေးပြစ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင် ရုပ်ရှင်ပြသူအဖြစ် သံသယရှိသူများကို ရဲဌာနက တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။