ကယားပြည်နယ်အတွင်း အမျိုးသမီးဘဝ မြင့်တင်ပေးနိုင်ဖို့ အခန်းကဏ္ဍတွေ ပိုမိုဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်နယ်တွင်း လှုပ်ရှားနေသည့် အမျိုးသမီးအဖွဲ့တွေ တရားဝင်အဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်နေတယ်လို့ အမျိုးသမီးထုများက တောင်းဆိုနေကြပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး Karenni National Women Organizations (KNWO) မှ ကျင်းပပြုလုပ်တဲ့ ညီလာခံ (Convention) မှာ မြို့နယ်အသီးသီးက အဖွဲ့အစည်းအသီးသီးကနေ တက်ရောက်လာတဲ့ အမျိုးသမီးထုတွေရဲ့ အကြံပြုချက်တွေ ဆွေးနွေး တင်ပြချက်တွေအရ ထုတ်ဖော်ပြောဆိုကြတာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး မီးမီးက ယခုလို ပြောပါတယ် “ KNWO နေနဲ့ ပြည်တွင်းထဲမှာနေပြီးတော့ သူတို့ကို အဖွဲ့လေးတွေ ဖွဲ့ပေးဖို့ပေါ့နော်။ အမျိုးသမီးအဖွဲ့လေးတွေ တရားဝင်ဖွဲ့ပေးဖို့ KNOW အနေနဲ့ သင်တန်း အမျိုးသမီးတွေရဲ့ ဗဟုသုတ တွေပေ့ါနော်။ စွမ်းရည်တွေ မြင့်တင်ဖို့ သင်တန်းတွေများများပေးဖို့ အတွက်ရယ်၊ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ဟာကို ပြည်ပမှာ ဒီဒုက္ခသည်တွေမှာ လုပ်တဲ့ လိင်ပိုင်းဆိုင်ရာ ကွဲကွာမှုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ ဒီမှာလာပြီးတော့ လုပ်ပေးဖို့သူတို့တွေက အများကြီး တောင်းဆိုလာပါတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၁၉၊ ၂၀ ရက်နေ့၌ ဒီးမော့ဆိုမြို့ စည်ပင်သာယာရပ်ကွက်၊ နှစ်တရာအောက်မေ့ဖွယ် ခန်းမဆောင်၊ ကယားနှစ်ခြင်းခရစ်ယာန် သာသနာဝန်းဟောခန်းမှာ ကျင်းပသွားကြတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ဘဝအရင်းခံဖြစ်တဲ့ ရိုးရာအစဉ်အလာအရ အများသူဌါ၏ ခွဲခြားခြင်း၊ နှိမ့်ချဆက်ဆံခြင်း တွေကြောင့် အမျီုးသမီးတွေရဲ့ စွမ်းရည်နိမ့်ကျလာခြင်း၊ အဖက်ဖက်မှ အားနည်းလာခြင်းတွေကို ရင်ဆိုင်ဖြေရှင်း လာနိုင်မယ်ဖြစ်တယ်လို့ ပြောဆိုဆွေးနွေးထား ကြပါတယ်။
ဆက်လက်ပြီး အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အရေး၊ ကိုယ်ပိုင်အခန်းကဏ္ဍ များကို သိရှိနားလည်ရန်အတွက် ပြည်နယ်အတွင်းမှာလည်း အစိုးရအနေနဲ့ အတော်အသင့် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ အမျိုးသမီးရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌါန ပြည်နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်က အခုလို ပြောသွားပါတယ်။
“အရင်ကတည်းကလည်း ကျနော်တို့ အမျိုးသမီးရေးရာ ကဏ္ဍတွေကို ဆောင်ရွက်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အောင်မြင်မှုက အသင့်သင့်မှာ ရှိတာပေါ့နော်။ ဒါပေမယ့် ဒီနိုင်ငံတကာ Convention လို့ ခေါ်တဲ့ အမျိုးသမီးများ နည်းမျိုးစုံ ခွဲခြားနိမ့်ကျ ဆက်ဆံရေး မပြန့်ပွားရေးဆိုင်ရာ Convention ကို ကျနော်တို့ မြန်မာနိုင်ငံလည်း လက်မှတ်ထိုးတယ်။ ဒီအမျိုးသမီးများ အကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဥပဒေလည်း ထုတ်ပြန်ဖို့လည်းရှိတယ်။ အဲနောက်ပိုင်းမှာ ဒီလိုမျိုးလုပ်လာတဲ့အခါကျတော့ အမျိုးသမီးများအတွက် အမှန်တကယ်ထိရောက်တဲ့ အလုပ်တွေဖြစ်ဖို့ အမျိုးသမီးတစ်ဦးက သူတို့ရဲ့ အခွင့်အရေးတွေ သူတို့ရဲ့ခွဲခြား နိမ့်ကျဆက်ဆံမှုတွေ ဘယ်နေရာမှာရှိလဲ။ သူတို့ကိုယ်သူတို့ ဘယ်လို စွမ်းရည်မြင့်တင်မယ်။ နောက်အဖွဲ့အစည်းတွေကရော ဒီအမျိုးသမီးတွေကို ဘယ်လိုစွမ်းရည် မြင့်တင်ရမလဲဆိုတဲ့ ကဏ္ဍတွေပေါ့နော်။ အဲဒီကဏ္ဍတွေ ဖြစ်မြောက်လာဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ဒီ Convention ကို လုပ်တာပါ ” လို့ ပြောပါတယ်။
ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဒေသပေါင်းစုံအမျိုးသမီး Convention မှာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ နှင့် NGOs အဖွဲ့များလည်း တက်ရောက်ခဲ့ပြီး လူဦးရေ စုစုပေါင်း (၄၀၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။