ကွန်လုံ အခြေစိုက် အစိုးရ ခလရ ၁၄၅ နှင့် ကွတ်ခိုင် အခြေစိုက် ခလရ ၄၅ စစ်ကြောင်းတို့သည် ဇွန်လ ၂၂ ရက်နေ့ မနက် ၈ နာရီကျော် က TNLA တပ်ရင်း ၁၀၁ တပ်ခွဲ ၂ နှင့် မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်း ၁၁ နာရီ ၄၅ မိနစ်တွင်လည်းTNLA တပ်ရင်း ၁၁၂ နှင့် ထပ်မံ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးကဆို ပါသည်။
ယင်းမိနစ် (၃၀) တိုက်ပွဲတွင်အစိုးရ ခလရ ၁၄၅ ဖက်မှ တပ်သား ၂ ဦး သေဆုံး သွားကြောင်း မျက်မြင် ဒေသခံများက ဆိုပါသည်။ နေ့လည်ပိုင်း ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် လွယ်ကျရမ်း ကျေးရွာ အနီးတွင် ဖြစ်ပြီး မိနစ် ၃၀ ခန့် ကြာပါသည်။
ကွတ်ခိုင် အခြေစိုက် ခလရ ၄၅ တပ်ဖွဲ့သည် ခလရ ၁၄၅ စစ်ကြောင်းကို ကူညီရန် စစ်ဆင်လာရာမှ TNLA ၁၁၂ တပ် ရင်းတို့၏ ကဒ်တောက် တပ်ဖွဲ့နှင့် အမှတ်မထင် ကြားညှပ် သွားရာမှ မိနစ် ၃၀ ခန့် ရင်ဆိုင်ပြီး နောက်ဆုတ် သွားသည်ဟု ဆိုပါသည်။
တအာင်းဒေသသည် တဖြည်းဖြည်း စစ်ဆင်မှု များလာနေသဖြင့် တိုက်ပွဲများကြောင့် တအာင်း (ပလောင်) ပြည်သူများ ကျေးရွာကို စွန့်ခွာလျှက် ရှိရာ တအာင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့တွင် စစ်ပြေးစခန်း (၂) ခု၊နမ္မတူမြို့တွင် စစ်ပြေး စခန်း (၁) ခု၊ တန့်ယန်းမြို့တွင် စစ်ပြေး စခန်း (၁) ခု၊ ကွတ်ခိုင်မြို့တွင် စစ်ပြေးစခန်း (၂) ခု၊ နမ့်ဖတ်ကာ ကျေးရွာတွင် စစ်ပြေးစခန်း (၁) ခုနှင့် နမ့်ခမ်းမြို့တွင် စစ်ပြေးစခန်း (၂) ခု ဖြစ်လာခဲ့ပါသည်။
အလားတူ ဇွန်၂၂ ရက်နေ့ မနက် ၈ နာရီ အချိန် တွင် ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ မန်ဆဲနှင့် ပွိုမ်ပန်ကြားသို့ ထိုးစစ်ဆင် လာသော အစိုးရတပ်ခလရ (၁၁၁) မှ အင်အား (၁၀၀ ) နှင့် တစ်နာရီနီးပါး တိုက်ခိုက် ခဲ့ကြသည်ဟု ဆိုပါသည်။
တချိန်ထဲ၌ ဇွန် ၂၂ ရက်နေ့ မနက် ၁၀ နာရီခွဲ တွင်လည်း ကေအိုင်အေ တပ်ရင်း ၈ နယ်မြေ ဒိန်ဂရီနှင့်လုံဂမ်ကြား ဒေသသို့ လှုပ်ရှားလာသော အစိုးရ တပ်ဖွဲ့ဝင်များနှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့သေးကြောင်း ဆိုပါသည်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် KIA တပ်မဟာ (၄) ဒေသတွင် စစ်ဆင်ရေးများ တဖြည်းဖြည်း ပြင်းထန် လာနေပါသည်။ ဤသို့ကြောင့် စစ်ပြေးများလည်း တဖြည်းဖြည်း များလာနေပြီး စားဝတ်နေရေး အခက်အခဲ များနှင့် ကြုံနေရကြောင်း တအာင်း တပ်မှူးများက ဆိုပါသည်။