မြစ်ဆုံ ဆက်လုပ်ဖို့ရှိကြောင်း ကချင် ဒေသခံများအား CPI ပြော

မြစ်ဆုံ ဆက်လုပ်ဖို့ရှိကြောင်း ကချင် ဒေသခံများအား CPI ပြော
by -
မဇ္စျိမ

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်နှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ၂၀၁၅ ခုနှစ်တွင်မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည် စတင်နိုင်မည်ဟု ဒေသခံများအား ပြောဆိုခဲ့ကြောင်း ပြောင်းရွှေ့ခံ အောင်မြင်သာ ကျေးရွာသားများနှင့် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ပြောသည်။

မြစ်ဆုံစီမံကိန်း နေရာများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့သည့် CPI ဒု-ဥက္ကဋ္ဌ Sha Ram နှင့် အင်ဂျင်နီယာများ အပါအဝင် ၆ ဦးသည် အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းအသင်းတော် ကော်မတီ အဖွဲ့ဝင်များနှင့် ဇွန်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့သည်။

“ကျမတို့ကို သူတို့ ဟိုဘက်ကမ်းကို လာဖို့ ခေါ်လို့ ကျမတို့ အသင်းတော်က အဖွဲ့တွေနဲ့အတူ သွားတွေ့တာ။ သူတို့က ၂၀၁၅ မှာ ပြန်ဆောက်ဖို့ စောင့်နေတာ။ တံတား ဆောက်မယ် ဆိုတာလည်း ပြောတယ်။ သူတို့ကစောင့်နေတဲ့ သဘောရှိတယ်” ဟု CPI နှင့် တွေ့ဆုံရာတွင် ပါဝင်သူ အောင်မြင်သာကျေးရွာမှ ဒေါ်လုရာ က ပြောသည်။

အသင်းတော် ကော်မတီဝင် ဆရာမ မရစ်ဘောက်ဆန့်က CPI နှင့် မြန်မာအစိုးရတို့အကြား ချုပ်ဆိုထားသည့် စာချုပ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ CPI က ယခုအချိန် မြစ်ဆုံစီမံကိန်း စာချုပ် ပယ်ဖျက်၍ မရနိုင်ကြောင်း၊ အကယ်၍ စာချုပ် သဘောတူညီမှုကို ကတိဖျက်ခဲ့မည် ဆိုလျှင်လည်း နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများဖြင့်ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် (KDNG) က ဆိုသည်။

မြန်မာ သမ္မတ က စာချုပ်အား ဖျက်မည့်အကြောင်း မပြောဆိုဘဲ ၎င်း၏ အစိုးရသက်တမ်းတွင်း ခေတ္တခဏ ရပ်ဆိုင်းမည်ဟုသာ ပြောဆိုထား၍ CPI အနေဖြင့် သမ္မတ သက်တမ်းကုန်မည့် ရက်ကိုသာ စောင့်နေရသည်ဟု CPI က ဒေသခံများအား ပြောဆိုခဲ့သည်ဟု KDNG က ဆိုထားသည်။

“ကျမတို့ကတော့ ခုလို CPI က လုပ်ဆောင်နေတာတွေက သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို ဂရုမစိုက်တာပဲ။ ပြီးတော့ သမ္မတ ကလည်း တရုတ်တွေကို ခုလို လုပ်ပိုင်ခွင့်တွေ ပေးထား တယ်။ ရွှေ့ပြောင်းခံရတဲ့လူတွေကလည်း ခုထိပြန်လို့မရဘူး။ CPI ကလည်း မြန်မာပြည်သူလူထု ရဲ့ အသံနဲ့ စီမံကိန်းအပေါ်ထားတဲ့ ဆန္ဒကို မသိကျိုးကျွံ ပြုနေ တယ်” ဟု KDNG မှ ဒေါ်ဆိုင်းမိုင်က ဝေဖန်ပြောဆိုလိုက်သည်။

ယခုကဲ့သို့ မြစ်ဆုံ စီမံကိန်းအား ပြန်လည် စတင်ရန် ကြိုးစားနေသဖြင့် မြန်မာတနိုင်ငံလုံးမှ ပြည်သူလူထု အားလုံး ထိုစီမံကိန်းကို ရပ်ဆိုင်းရန်အတွက် ဆက်လက် ကန့်ကွက် သင့်ကြောင်း KDNG က တိုက်တွန်းလိုက်သည်။

မကြာမီကလည်း ပီကင်းရုန်ဇီ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လူမှုရေးရာ တာဝန်ခံ အစီရင်ခံစာ (CSR) အတွက် အောင်မြင်သာကျေးရွာ ဒေသခံများထံ စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက ဒေသခံများ၊ ပညာရှင်များနှင့် အနုပညာရှင်များ အပါအဝင် တနိုင်ငံလုံး ကန့်ကွက် မှုကြောင့် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းခဲ့ရသည်။