မန္တလေးမှ ပင့်ဆောင်လာသော ကျည်ခွံသွန်း ဗုဒ္ဓဆင်းတုတော် ပြန်ကြွဖွယ်ရှိ

မန္တလေးမှ ပင့်ဆောင်လာသော ကျည်ခွံသွန်း ဗုဒ္ဓဆင်းတုတော် ပြန်ကြွဖွယ်ရှိ
by -
မဇ္စျိမ

ကျည်ဆံခွံများဖြင့် ထုလုပ်ထားသော ဗုဒ္ဓဘုရားဆင်းတုတော် တဆူနှင့် လက်ဝါးကပ်တိုင် တခုတို့ကို မန္တလေးမြို့မှ လိုင်ဇာမြို့ထိ ပင့်ဆောင်သွားမည်ဆိုခြင်းကို ကချင်လူထုက သဘောမတူကြောင်း မြစ်ကြီးနားမြို့ ဒေသခံများ ပြောသည်။

အဆိုပါ ရုပ်ပွားတော် ပင့်ဆောင်လာသူ လူ ၂၈ ဦးနှင့် သံယာ ၆ ပါးတို့သည် ဇွန်လ ၁၆ ရက်နေ့က မန္တလေးမြို့မှ ထွက်ခွာလာကာ ဗုဒ္ဓဟူးနေ့ ၈ နာရီတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လက်ရှိတွင် ဆင်းတုတော်ကို စီတာပူ ရပ်ကွက်ရှိ သာသနာ့စံအိမ် ဘုန်းကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိပြီး လိုင်ဇာမြို့ထိ ပင့်ဆောင်သွားရန် စီစဉ်နေဆဲ ဖြစ်သည်ဟု ဦးဆောင်သူ ဦးဝင်းချို က ပြောသည်။

သို့သော် မြစ်ကြီးမြို့ရှိ ဒေသခံများက ထိုအစီအစဉ်ကို သဘောမတူကြကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး ဦးဇော်ရိန် က ပြောသည်။

“ကျနော်သိသလောက် အဲဒီသတင်း ကြားလို့ ဒီကလူတွေက သဘောမတူကြဘူး။ ကျနော့် အနေနဲ့ဆိုရင်လည်း သဘောမတူဘူး။ ဘာလို့လဲ ဆိုတော့ ဒီဘက်မှာက ခရစ်ယာန်ပဲ ပိုများတယ်။ နောက် သူတို့ ခုလိုလုပ်တာ ဘာအဓိပ္ပါယ်လဲ မသိဘူး” ဟု မဇ္စျိမကို ပြောသည်။

ယမန်နေ့က ထိုလမ်းလျှောက်သူများထဲက ကိုစည်သူနှင့် အခြားတဦးတို့မှာ ဘုရား ပင့်ဆောင်လာမှုနှင့် ပတ်သက်၍ လိုင်ဇာဘက် သွားရောက်ခဲ့ရာ နမ်ဆန်ယန်ကျေးရွာရှိ အစိုးရ တပ်ဖွဲ့က မြောက်ပိုင်းတိုင်းမှူး၏ ခွင့်ပြုချက် လိုသည်ဟု ဆိုကာ သွားခွင့် မပြုခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင် က ပြောသည်။

“သူတို့လူ မနေ့က လာပြောတာ။ ဒီနမ်ဆန်ယန်က အစိုးရတပ်က ဝင်ခွင့်မပေးဘူး။ တိုင်းမှူးရဲ့ လက်မှတ် လိုတယ်လို့ ပြောတယ်။ ဒါကြောင့် ကျနာ်တို့ PCG နဲ့ သူတို့ ပြန်ညှိရဦးမယ်။ သွားခွင့် ရမရတော့ မပြောနို်င်သေးဘူး” ဟု မဇ္စျိမကို ပြောသည်။

အလားတူ KIO အနေဖြင့် ၎င်းကိစ္စနှင့် ပတ်သက်၍ ကြိုတင်အကြောင်းကြားခြင်း မရှိသဖြင့် ၎င်းတို့ဘက်က ကြိုဆိုရန် မရှိကြောင်း KIO မှ ယခင်က ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား ကြိုဆိုရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဒွဲပီဆား က ပြောသည်။

“သူတို့က ကြိုတင်အကြောင်းကြားတာလည်း မရှိသေးဘူး။ ကျနော်တို့က သတင်းအရ ကြားတာပဲ ရှိတယ်။ သူတို့ ဝင်လာရင်တော့ KIO ဂိတ်တွေ ရှိသေးတယ်။ ဒီဘက် ခွင့်ပြုချက် မရရင်တော့ ဖြတ်ခိုင်းမှာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဖို့တော့ မရှိဘူး။ အရင်လို အခြေအနေတော့ မဟုတ်တော့ဘူး” ဟု ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှ ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ် ရပ်စဲရန်အတွက် လမ်းလျှောက် ချီတက်ခဲ့သူများကို KIO က အခမ်းအနား ပြုလုပ်ကာ ကြိုဆိုခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်းသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများက လမ်းတလျှောက် ကျည်ဆံခွံ ၃,၀၀၀ ကျော်ကောက်ယူရရှိခဲ့ပြီး အမှတ်တရ ဖြစ်စေရန် ရည်ရွယ်၍ ထုလုပ်ရခြင်း ဖြစ်သည်ဟု ဦးဝင်းချိုက ပြောသည်။

“လက်ဝါးကပ်တိုင်ကို လိုင်ဇာဒေသက ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းမှာ အပ်မှာပါ။ ဗုဒ္ဓဘာသာတွေအတွက် ဆင်းတုတော်ကတော့ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းလည်း မရှိတဲ့အတွက် အဲဒီမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အားလုံး သဘောဆန္ဒပေါ်မူတည်ပြီး သူတို့များ အဲဒီမှာ ကိုးကွယ်ဖို့ အစီအစဉ် ရှိရင်။ အဲဒီမှာ သီတင်းသုံးဖို့အတွက် လိုင်ဇာမှာ ထားခဲ့ပါ့မယ်။ အကယ်၍များ သူတို့အနေနဲ့ အချိန်အခါ မသင့်တော်သေးဘူး။ လက်ခံနိုင်တဲ့ အနေအထား မရှိဘူးဆိုရင် အပူဇော်ခံပြီးရင် ကျနော်တို့ ပြန်ကြွပါ့မယ်” ဟု မဇ္စျိမကို ရှင်းပြသည်။

ဗုဒ္ဓ ဆင်းတုတော်မှာ ဉာဏ်တော် ၂၇ လက်မ မြင့်ပြီး လက်ဝါးကပ်တိုင်မှာ အမြင့်ပေ ၂၇ လက်မ ရှိသည်။ လက်ဝါးကပ်တိုင်၏ မျက်နှာစာကို အဝါရောင်(ရွှေရောင်)ဖြစ်ပြီး ဘေးဘက် အရောင်မှာ အမဲရောင်တို့ဖြင့် သွန်းထုခဲ့သည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရား ဗောဓိစောင်းတန်း ဦးဖဲ နိဗ္ဗာန်တွင် ဆင်းတုတော်ကို ထုလုပ်ခြင်း ဖြစ်ပြီး ခရစ်ယာန် လက်ဝါးကပ်တိုင်ကို မိတ်ဆွေ တဦး၏ စက်မှုလက်မှု အလုပ်ရုံတွင် ထုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဝင်းချိုကပြောသည်။

ပြည်တွင်းစစ် ကျည်ဆံခွံများဖြင့် သွန်းထုထားသည့် ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင်ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ရန် မန္တလေးမြို့ ရေတော်ကျောင်းမှ ဆရာတော် ဦးရေဝတက သြဝါသ ခံယူကာ ဆရာတော်၏ အစီအစဉ်ဖြင့် လိုင်ဇာမြို့သို့ ပင့်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြည်တွင်း စစ်ကြီးရဲ့ အမှတ်တရ၊ စစ်မှန်တဲ ့ငြိမ်းချမ်းရေးအတွက် အမှတ်တရဆိုတဲ့ သဘောမျိုးတဲ့ တခုခုလုပ်ဖို့ စဉ်းစားကြတယ်။ ဗုဒ္ဓဘာသာအတွက် ဆင်းတုတော်၊ ခရစ်ယာန်တွေအတွက် လက်ဝါးကပ်တိုင် လုပ်ထားရင် ဒီ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး တိုက်ခဲ့ကြတဲ့ နှစ်ဖက် ခေါင်းဆောင်တွေ အနေနဲ့ ဒီ image တွေကို တွေ့ရင် သတိတရားရမယ်။ သံဝေဂရမယ်။ အမှတ်တရ ဖြစ်နေမယ်ဆိုပြီးတော့ လုပ်ရတာပါ” ဟု ဦးဆောင်စီစဉ်သူ ဦးဝင်းချိုက မဇ္စျိမကို ပြောပြသည်။

Most read this week