လွန်ခဲ့သော ၁၈ နှစ်ကတည်းက စစ်တပ်က သိမ်းဆည်ထားခဲ့သော အင်္ဂပူမြို့နယ်အတွင်းရှိ လယ်မြေ ဧက ၂ဝဝ ကျော်တွင် သီးစားခဖြင့် ပြန်လည်လုပ်ကိုင်နေရသဖြင့် နှစ်စဉ်အရှုံးပေါ်နေသောကြောင့် ယခုလာမည့် စပါးစိုက်ရာသီတွင် သီးစားခမပေးနိုင်တော့ကြောင်း လယ်သမားများက ပြောသည်။
ထိုလယ်မြေများကို ဒေသခံတို့က ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့ရာမှ တပ်မတော် လေ့ကျင့်ရေးစခန်း အမှတ် ၆ အတွက် စတင်သိမ်းယူခဲ့ပြီး ထိုစဉ်မှစ၍ တစ်ဧကလျှင် စပါး ၁ဝ တင်းမှ ၁၂ တင်းအထိ သီးစားခပေးပြီး လုပ်ကိုင်ခဲ့ရကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။
အခက်အခဲများကြောင့် လယ်သမားများသည် သီးစားခမပေးဘဲ လယ်ပြန်လုပ်ခွင့်ရလိုကြောင်း ဖော်ထုတ်သည့် အနေဖြင့် ယခုလအတွင်း ထိုလယ်များတွင် လေးကြိမ်တိုင်တိုင် ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့လုပ်သဖြင့် ဇွန်လ ၅၊ ၆၊ ၉ ရက်တို့က ထယ်ထိုးသူ လယ်သမား ၂၁ ဦးကို စစ်တပ်က ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားခဲ့သည်။
လယ်ကိုးဧကသိမ်းဆည်းခံထားရသည့် လယ်သမား ဦးပေါက်ကင်းက ''ကျွန်တော်တို့မှာ ထွန်ယက်ခတို့၊ စိုက်ပျိုး ခတို့နဲ့ ဘာကျန်တော့မလဲ။ ဝမ်းစာတောင်မကျန်ဘူး။ တချို့ နွားတွေပြုတ်တဲ့သူကပြုတ်၊ သားသမီးတွေကျောင်းမထားနိုင်တဲ့သူတွေ အောတိုက်'' ဟု ပြောသည်။
အသက် ၆၇ နှစ်အရွယ် ဒေသခံ ဒေါ်ကျင်မြိုင်ကလည်း ''သီးစားခပေးပြီး ငါလည်းထိန်းလုပ်နေသေးတာပေါ့။ တဖြည်းဖြည်းနဲ့ မလုပ်နိုင်တော့ဘူး။ နွားလည်းကုန်တယ်၊ အိမ်လည်းကုန်တယ်ကွယ်။ ရှိသမျှ ရွှေထည်လေးတွေလည်း ကုန်တယ်ကွယ်။ အဲဒီတော့ တပ်မှူးရေ၊ ကျွန်မတော့ မလုပ်နိုင်တော့ဘူး။ ချချင်တဲ့သူပြန်ချပေတော့ ဆိုု ပြီး အပ်လုုိက်ရတယ်''ဟုလည်းပြောသည်။
ထိုဒေသရှိ ကွင်းကောက်ရဲစခန်း၏ စခန်းမှူး ရဲအုပ်ကိုကိုနိုင်ကလည်း စစ်တပ်က လယ်သမားများကို အမှုဖွင့်ထား သည်ကို အတည်ပြုပြောကြားသည်။
ထို့ကြောင့် အဆိုပါလယ်မြေများနှင့် ပတ်သက်၍ ဒေသခံစစ်တပ်သို့ သွားရောက် ၍ မဇ္ဈိမအပါအဝင် သတင်းမီဒီယာ များက တာဝန်ရှိသူနှင့်တွေ့ဆုံရန် ခွင့်တောင်းသော်လည်း လက်ခံပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ထိုလယ်မြေများသည် တစ်ဧကလျှင် စပါးတင်း ၄ဝ မှ ၆ဝ ခန့်အထိထွက်ရှိကြောင်း ဒေသခံများကပြောကြပြီး သိမ်းဆည်းခံရသည့်လယ်များမှာ တောင်နီရွာ၊ မဲဇလီကုန်းရွာ၊ ရွှေလောင်းကန်ရွာ၊ ရခိုင်ကုန်းရွာ၊ ကျီးတောငူရွာ၊ ဥယျာဉ်ကုန်းရွာနှင့် သပြေကုန်းရွာတို့မှ လယ်သမားများပိုင်ဆိုင်သည်ဟု ဒေသခံများက ဆိုသည်။