လားရှိုးပဋိပက္ခကဲ့သို့ ဖြစ်လာမည်ကို နမ္မတူဒေသခံများ အထူး စိုးရိမ်

လားရှိုးပဋိပက္ခကဲ့သို့ ဖြစ်လာမည်ကို နမ္မတူဒေသခံများ အထူး စိုးရိမ်
by -
သျှမ်းသံတော်ဆင့်

ဘုရားရှိခိုးချိန် လက်အုပ်မချီလိုသည့်  ကျောင်းသားတစ်ဦးမှစ၍ သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့အတွင်း  လူစု လူဝေး ဖြစ်ပေါ်လာသဖြင့် လားရှိုးကဲ့သို့ ပဋိပက္ခ ဖြစ်လာမည်ကို ဒေသခံများ အထူး စိုးရိမ်နေကြကြောင်း ဆိုပါ သည်။

“စ-ဖြစ်တာက အမက (၃) ကျောင်းက။ ဒီနေ့ မနက်ပိုင်း ကျောင်းတက်တော့ ဘုရားရှိခိုးကြတယ်။ ဘာသာခြား ကျောင်းသားတယောက်က လက်အုပ်မချီဘူး။ ဆရာမက ဘုရားမကန်တော့ချင်ရင်လည်း လက်အုပ်ချီပေးပါ လို့ ပြောတယ်။ အဲဒီကျောင်းသားက  လက်အုပ်ချီရင် ဘာသာပျက်တယ်လို့ ပြန်ပြောတယ်။ ဆရာမက နိုင်ငံတော် က ချထားတဲ့စည်းကမ်းလို့ပြော တော့ကလေးကစိတ်ဆိုးပြီး ကျောင်းခန်းကပြေးထွက်တာတာ။ အဲဒီကနေ စ တော့ တာဘဲ” ဟု နမ္မတူမြို့ခံ စိုင်းဆိုင်က ပြောပါသည်။

အဆိုပါကျောင်းသား အိမ်ပြန်ရောက်သည်နှင့်မကြာမီ မိဘများနှင့် ၄င်းတို့၏ဘာသာရေး အဖွဲ့ ခေါင်း ဆောင် တို့ ကျောင်းသို့ပြန်ရောက်လာကြောင်း၊ အတန်းပိုင်ဆရာမနှင့်အချီအချ စကားများကြပြီးနောက်ဆုံး ဘာသာ ရေးအဖွဲ့ခေါင်းဆောင်က   မိမိဘာသာဝင်ကျောင်းသားလူငယ်များအားအကျပ်မကိုင်ရန် ပြောဆို ရာ မြို့တွင်းမှ လူတစု ကျောင်းသို့ရောက်ရှိလာကြောင်း ၊ လားရှိုးကဲ့သို့ ပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်သဖြင့် တာဝန်ရှိရဲများနှင့်ဒေသခံလူထုတို့က ဗလီ ကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၌  လုံခြုံရေး ယူထားကြ ကြောင်းလည်းဆိုပါသည်။

“ ဒီနေ့ မြို့ထဲမှာ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဘဲ။ တချို့ဈေးဆိုင်တွေဆို ပိတ်ထားကြပြီ။ မြို့ထဲနဲ့ ဝန်ထမ်းရပ်ကွက်မှာ ဆူညံဆူညံဖြစ်နေပြီ  ” ဟု ဈေးသည်တစ်ဦးကလည်း ပြောပါသည်။

နမ္မတူမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်ဝေးကွာသည့် ဘော်တွင်းဘက်မှလည်း လူတစု  မြို့ဘက်သို့ တက်လာသဖြင့်  ဒေသခံများအနေဖြင့်အထူးစိုးရိမ်မှုရှိနေကြောင်း ဆိုပါသည်။

လားရှိုးပဋိပက္ခဖြစ်ကတည်းက ဆူပူမှုဖြစ်ပေါ်အောင် ဝါဒဖြန့် ဗီစီဒီခွေ များ ဖြန့်ထားသည် ကိုလည်းတွေ့ရကြောင်း မြို့မိမြို့ဖများက ပြောပါသည်။