ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရတပ်အင်အားတွေလျော့ချပြီး အများပြည်သူ ယုံကြည်လက်ခံတဲ့ အခြေအနေကိုလုပ်ပြမှသာ ဒုက္ခသည်တွေ အိမ်ပြန်နိုင်မှာဖြစ်တယ်လို့ ယနေ့ကျရောက်တဲ့ကမ္ဘာ့ဒုက္ခသည် များနေ့မှာ ကရင်နီဒုက္ခသည်တွေက ပြောဆိုလိုက်တာပါ။
"ကျတော်တို့ အသက်အန္တရာယ်လည်း လုံခြုံမှုရှိမယ်ဆိုရင်၊ ရှိဖို့ သူတို့အာမခံ ပေးမယ်ဆိုရင်ပေါ့နော်….. ကျနော်တို့ပြည်နယ်မှာ တကယ်ပဲ တပ်အင်အားတွေ လျော့ပြီလား။ တပ်အင်အား သူတို့မလျော့နိုင်ပါဘူး။ မလျော့တဲ့အပြင်ကိုလေ့ကျင့်ရေးကျောင်းတွေတောင် သူတို့ထပ်ဖွင့်သေးတာပဲ။ အဲ့ဒါကတော့ ကျတော်တို့ ယုံကြည်ဖို့ သူတို့ (အစိုးရ)က ပြဖို့လိုတယ်”လို့ ကရင်နီအမှတ် -၁ ဒုက္ခသည်စခန်းကော်မီတီ ဒု-ဥက္ကဌ ဦးအောင်မောင်းက ပြောပါတယ်။
ဇွန်လ ၂၀ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ Community Hall မှာကျင်းပပြုလုပ်ပြီး ကရင်နီဒုက္ခသည်ပင်မကော်မီတီ KnRC၊ ထိုင်းဒေသခံအာဏာပိုင်များ၊ UNHCR၊ အဲန်ဂျီအိုတွေနဲ့ မယ်ဟောင်ဆောင်မြို့ ရှိ ကောလိပ် ကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။
“ကျနော်တို့ နိုင်ငံရေး၊ စစ်ရေး မပြေလည်မှုတွေကြောင့် ကျနော်တို့ ဒီထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်နေ ရတာ ပေါ့နော်။ ကျနော်တို့ပုံစံက ဒုက္ခသည် ဖြစ်ချင်လို့ ဒုက္ခသည် ဖြစ်လာတာတော့ မဟုတ်ဘူးပေါ့။ သူများက ကျတော်တို့ကို ဒုက္ခသည်အဖြစ်နဲ့ လက်ခံထားပေမယ့် ကျတော့်အနေနဲ့က သူများတွေ ကျတော်တို့ကို “ဒုက္ခသည်” လို့ ခေါ်တာကျတော်တို့ သိပ်ဘဝင်မကျဘူးလေ။ ဘာဖြစ်လဲဆို တအား နိမ့်ကျတဲ့ ပုံစံမျိုး ကျတော်တို့ ခံစားနေရတယ်”
ဒုက္ခသည်ဖြစ်လာရ တဲ့အကြောင်းအရင်းနဲ့ ပါတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးက ပြောပြသွားတာ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ လွိုင်ကော်မြို့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရတို့အကြား ဒုတိယ အကြိမ်ပြည်ထော်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုက်လျက်ရှိပြီး ဒုက္ခသည်တွေ ဌာနေဟောင်းသို့ ပြန်လှည်နေ ထိုင်နိုင်ရန်အတွက် မြေမြုပ်မှိုင်းရှင်းလင်းရေးနဲ့ တပ်နေရာ ချထားရေး ကိစ္စရပ်များကို ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့် ဆောင်ရွက်သွားကြဖို့ သဘောတူထားကြောင်း သိရပါတယ်။
စစ်အစိုးလက်ထက်က ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်းအတွင်းက အမှတ်-၁ နဲ့ အမှတ် -၂ ဒုက္ခသည်စခန်းမှာ နယ်စပ်ညွန့်ပေါင်းအဖွဲ့ - TBC ပြုစုထားတဲ့ နောက်ဆုံးလူဦးရေ စာရင်းအရ ကရင်နီဒုက္ခသည် ဦးရေ (၁၆၃၈၇)ဦး ရှိနေပါတယ်။