တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များ RCSS ခေါင်းဆောင်နှင့် ယနေ့ညတွေ့မည်

တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များ RCSS ခေါင်းဆောင်နှင့် ယနေ့ညတွေ့မည်
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးရောက် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် တောင်ကြီးရှိ ဌာနဆိုင်ရာများ၊ အပစ်ရပ်တပ်ဖွဲ့များအား ယနေ့ သျှမ်းစာပေယဉ်ကျေးမှု ကော် မတီရုံး၌ တွေ့ဆုံကြမည်ဖြစ် ကြောင်း ကြားသိရပါသည်။

“ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့တော့ ထွေထွေထူးထူး တော့မရှိပါဘူး။ ညနေကျရင်တော့ တောင်ကြီးမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေး ပါတီကလူကြီးပိုင်းတွေ၊ အပစ်ရပ်တပ်ဖွဲ့တွေနဲ့အတူ သျှမ်းစာပေယဉ်ကျေးမှု အသင်းရုံးမှာ ညစာအတူစားကြ မယ်” - ဟု RCSS  ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

ယမန်နေ့က RCSS/SSA နှင့် တောင်ကြီးရှိ သျှမ်းပါတီ နှင့် အခြားပါတီ အကြီး အကဲများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် (ဓါတ်ပုံ- Harkkhurhan Khur Seng)

ထို့အတူ ယမန်နေ့ညတွင်လည်း တောင်ကြီးဟိုတယ်၌ ကျားဖြူပါတီ နှင့် တောင်ကြီးရှိ အခြားပါတီ အကြီး အကဲများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များက လက်ခံကြိုဆိုကြသည်ဟုဆိုသည်။

“မနေ့ညတုန်းက ကျနော်တို့ တောင်ကြီးကို ညနေ ၆ နာရီလောက်ရောက်ပါတယ်။ ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း၊ တောင်ကြီးမှာရှိတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းတွေ၊ စာပေယဉ်ကျေးမှုက လူကြီး ပိုင်းတွေ တောင်ကြီးဟိုတယ်မှာ တွေ့ကြတယ်။ အလွတ်သဘောပါဘဲ။ ပြီးတော့ တောင်ကြီးဟိုတယ်မှာဘဲ ညစာအတူ စားကြတယ်” - RCSS  ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

တောင်ကြီးရောက် သျှမ်းပြည်တပ်မတော် RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် ဂျွန် ၂၀ ရက် တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီရုံး ဟောခန်းမ၌ ပြည်တောင်စုဝန်ကြီး လျှပ် စစ်ရေးရာ ဝန်ကြီးဌာန ဦးခင်မောင်စိုး စီစဉ်ပေးမှုဖြင့် သျှမ်းပြည်နယ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တိုင်းမှူး ကြီး များနှင့်လည်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ သျှမ်းပြည်တိုးတက်ရေးအတွက် လက်တွဲ ပူးပေါင်းရေး ဆိုင်ရာများအား တွေ့ဆုံဆွေးနွေးသွားမည်ဟု ဆိုသည်။